DVB Logo
Home
မြန်မာသတင်း
MOU စနစ်တွင် တာဝန်ယူ၊ တာဝန်ခံမှု မရှိဟု အလုပ်သမားအရေးဆောင်ရွက်သူများပြော
DVB
·
April 29, 2024
MOU စနစ်တွင် တာဝန်ယူ၊ တာဝန်ခံမှု မရှိဟု အလုပ်သမားအရေးဆောင်ရွက်သူများပြော
Donate to DVB

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လာရောက်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီး MOU စနစ်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အရေးဆောင်ရွက်သူတွေက ပြောပါတယ်။

ပြည်ပအလုပ်အကိုင်တွေကို MOU (နှစ်ဖက်နားလည်မှုစာချွန်လွှာ) မှာလက်မှတ်ရေးထိုးပြီးပို့တဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ လုပ်ခလစာ မရတာ၊ စာချုပ်ထဲက အလုပ်မဟုတ်တာနဲ့ အလုပ်လုံးဝမရတာမျိုးတွေ ကြုံနေ ရပါတယ်။

ဒါက နှစ်ဖက်အစိုးရနဲ့ နှစ်နိုင်ငံအေဂျင်စီတွေမှာ တာဝန်ရှိတာဖြစ်ပြီး MOU စနစ်တခုလုံးမှာက တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့ ထိုင်းနိုင်ငံ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း စစ်ကောင်စီလက်အောက်ခံ ဖြစ်တဲ့အတွက် တာဝန်ယူမှုမရှိဘူးလို့ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG က ကိုမုန်တိုင်းက ပြောပါတယ်။

“MOU စနစ်မှာ တာဝန်ယူ တာဝန်ခံမှု မရှိတဲ့အတွက် ထိုင်းကိုတက်လာတဲ့ MOU သမားမှန်သမျှ ဒုက္ခရောက်မှာပဲ။ တာဝန်ယူမှုက လုံးဝမရှိဘူး။ လက်ရှိ သံရုံးကိုယ်တိုင်ကလည်း စစ်ကောင်စီသံရုံးဖြစ်တဲ့အတွက် ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ်မှာ ထိထိရောက်ရောက် တာဝန်ယူမှု လုံးဝမရှိတာ။ ဒီထိုင်းထဲကို ခေါ်သွင်းရေးပဲ သူတို့လုပ်တာ၊ ဒါပေမဲ့ လက်ရှိမှာ သူတို့က အလုပ်မပေးနိုင်ဘူး၊ အေဂျင်စီနဲ့ တက်လာမယ်ဆိုရင်တောင် အကုန်လုံးကဒုက္ခရောက်မယ့် ပုံစံပဲ တွေ့ရတယ်၊ ဘာလို့လဲဆိုတော့ ထိုင်းထဲမှာ မြန်မာလူမျိုးတွေက များတယ်။ အလုပ်က အဲလောက်ပေးစရာမရှိဘူးဖြစ်နေတယ်။ အလုပ်က ရှားတယ်။ ပိုက်ဆံထွက်မမှန်တာတွေ MOU နဲ့ ပတ်သက်လာရင် လုပ်အားခမရတာတွေ ပတ်စပို့သိမ်းတာတွေ အဲဒါတွေ ကြုံတွေ့နေရတယ်။”

ဧပြီလ သင်္ကြန်ကာလအတွင်းမှာပဲ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ကို လာရောက် တိုင်တန်း အကူအညီတောင်းခံတဲ့ MOU အလုပ်သမားအမှု ၁၈ မှုရှိ ကြောင်းသိရပါတယ်။

MOU စနစ်မှာ အလုပ်အကိုင်သေချာတာ လုပ်ခလစာနဲ့ အလုပ်ရရှိမှုသေချာဖို့တွေအတွက် နှစ်ဖက်နိုင်ငံနဲ့ နှစ်နိုင်ငံအေဂျင်စီတွေက လက်မှတ်ရေးထိုးထားရတာဖြစ်ပေမဲ့ တာဝန်ယူဖြေရှင်းပေးမှုတွေမရှိတဲ့အတွက် အခုလို ဖြစ်နေတာလို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း-FED ရဲ့ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“ဟိုဘက်က လက်ခံမယ့်အေဂျင်စီတို့ အလုပ်သမားသံအရာရှိလို့ သက်ဆိုင်ရာပေါ့ သူတို့က သေချာစစ်ဆေး ပေးရမှာပေါ့။ တကယ်သူတို့ process မှာလည်း စစ်ဆေးရတယ်။ အဲဒီအတိုင်းရ မရ ဟုတ် မဟုတ်ဆိုတာ အလုပ်သမား သံအရာရှိ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ သူတို့မှာ တာဝန်ရှိတယ်ပေါ့။ သူတို့က တကယ်လို့ အဲဒီအတိုင်း မဟုတ်ဘူးဆိုရင် အဲဒီအေဂျင်စီကို ဘာလို့မဟုတ်တာလဲဆိုပြီး အရေးယူတာ လုပ်ရမယ်။ ပြီးရင် အဲဒီ စက်ရုံမှာရှိတဲ့ အလုပ်သမားတွေက အခက်အခဲဖြစ်တယ်ဆိုပြီး အကူအညီတောင်းလာရင်လည်း သူတို့အနေနဲ့ ထိထိရောက်ရောက် အကူအညီပေးနိုင်တာမျိုး လုပ်ရမှာ၊ သူတို့ကလည်း အဲဒီလို လိုက်လုပ်တယ်။ အစိုးရတွေဘက်ကလည်း ဖိအားပေးတယ်လို့ အခုလို ပြဿနာတွေ ဖြစ်မှာ မဟုတ်ဘူး၊ တာဝန်ယူမှု တာဝန်ခံမှု အားနည်းလို့ အခုလိုဖြစ်ကြတာ များတယ်။”

ပြည်တွင်းမှာ အလုပ်သမားအရေးတွေ ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားအရေးကျွမ်း ကျင်သူ တဦးကတော့ အာဏာသိမ်းလိုက်တဲ့ဖြစ်စဉ်ကြောင့် MOU လုပ်ငန်းစဉ်တွေ နှောင့်နှေးကုန်တာ ဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ ယာယီအလုပ်လက်မဲ့ ဖြစ်တာလို့ ပြောပါတယ်။ MOU အရေးကိစ္စကို နှစ်နိုင်ငံ အစိုးရတွေအနေနဲ့ သေချာကိုင်တွယ် ဖြေရှင်းပေးသင့်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၄ မတ်လအထိ MOU အလုပ်သမားပေါင်း ၅၆၅၀၀၀ ကျော်ရှိပြီး  မြန်မာ MOU အလုပ်သမားက ၂၆၀၀၀၀ ကျော်ရှိတယ်လို့ FED ကနေ သိရပါတယ်။ ဒါက လွန်ခဲ့တဲ့ ၂ လနဲ့ ယှဉ်ရင် ၄၀၀၀၀ ကျော်လောက် လျော့ကျသွားတာဖြစ်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံကနေ တရားဝင် MOU နဲ့ လာခဲ့ပေမဲ့ အလုပ်မရတာ၊ လုပ်ခလစာမရတာနဲ့ ပတ်စ်ပို့စာအုပ် အသိမ်းခံရတာတွေကြောင့် တရားမဝင်အလုပ်သမားတွေ ဖြစ်သွားရတယ်ဆိုတာကို ပြနေတာလည်း ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013