DVB Logo
Home
မြန်မာသတင်း
လမ်းပိတ်ထားသဖြင့် ရခိုင်ဘက်ပို့မည့် ဟင်းသီးဟင်းရွက်များ မခူးဆွတ်နိုင်ဘဲ ပျက်စီးဆုံးရှုံး
DVB
·
April 28, 2024
လမ်းပိတ်ထားသဖြင့် ရခိုင်ဘက်ပို့မည့် ဟင်းသီးဟင်းရွက်များ မခူးဆွတ်နိုင်ဘဲ ပျက်စီးဆုံးရှုံး
Donate to DVB

လမ်းတွေပိတ်ထားတာကြောင့် ရခိုင်ပြည်နယ်ကို တင်ပို့ရမယ့် ရွှေတောင်၊ ပန်းတောင်းဒေသက ခရမ်းသီး၊ ခရမ်းချဥ်နဲ့ ဘူးသီးတွေ မခူးဆွတ်နိုင်တော့ဘဲ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

ရွှေတောင်နဲ့ ပန်းတောင်းမြို့နယ်ကြားက ဧက ၂,၀၀၀ ကျော်ကျယ်တဲ့ ဧရာဝတီ မြေနုကျွန်းပေါ်မှာ စိုက်ပျိုးထားတဲ့ ခရမ်းသီး၊ ကျွတ်သီးနဲ့ခရမ်းချဥ်သီး၊ ဘူးသီး အပါအဝင် ကိုင်းသီးနှံ ဟင်းသီးဟင်းရွက်တွေဟာ လမ်းပိတ်ထားလို့ အဓိကတင်ပို့တဲ့ ရခိုင်ပြည်နယ်ကို မတင်ပို့နိုင်တော့ဘဲ စိုက်ခင်းထဲမှာပဲ ပျက်စီးဆုံးရှုံးကုန်တာ ဖြစ်ပါတယ်။

တောင်သူတဦးက “ရှေ့လျှောက်ဒီပုံစံဆိုရင် မစိုက်ရဲတော့ဘူးပေါ့ဗျာ။ နစ်နာတာက ဒီနှစ် ကိုင်းသမားတွေ တော်တော်ကိုနစ်နာတယ်ဗျာ။ တအားကိုနစ်နာတယ်၊ မရောင်းရတာကို၊ မရောင်းတာ မဟုတ်ပါဘူး၊ ဆွတ်တောင်မဆွတ်ပါဘူးဗျာ။ အဲဒီလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

တောင်သူတွေက ခရမ်းချဥ်သီး ၁၀ သားကို ကျပ် ၁၀၀ ရဖို့ ရည်မှန်းစိုက်ပျိုးခဲ့ပေမဲ့ လမ်းတွေ ပိတ်ထားလို့ ဈေးကွက်ရှိသလောက် မတင်ပို့နိုင်တော့ဘဲ ခရမ်းချဥ်ပေါ်ချိန်မှာ ၁၀ သားကို ကျပ် ၁၀ သာ ရရှိပါတော့တယ်။ ပန်းတောင်းနဲ့ ရွှေတောင်မြို့အပါအဝင် ပဲခူးအနောက်ခြမ်းဒေသရဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုမှာ ရခိုင်ပြည်နယ်ရဲ့ ဈေးကွက်ကလည်း အရေးပါတယ်လို့ ဆိုပါတယ်။  

ခရမ်းချဉ်းသီး ကုန်သည်တဦးက “အရင်တုန်းက ရခိုင်လမ်းကြောင်းမပိတ်ခင်ကဆိုရင် ကျနော်တို့ ခရမ်းသီးတို့၊ ‌ငရုတ်သီးတို့ဆိုရင် အင်မတန်ဖြုန်းတဲ့နေရာ။ ထွက်ပေါက်က အဲဒီလိုဖြစ်နေတာ။ အဲဒီဘက်က ထွက်ပေါက်တပေါက်က အဲဒီလိုဖြစ်နေတော့ ပြည်သက်သက် တပေါက်လောက်ပဲ။ ပြည်နဲ့ ရန်ကုန်တပေါက်လောက်ပဲဆိုတော့ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ အဲဒီဘက် မပို့ရတော့ ခရမ်းသီးတို့၊ ခရမ်းချဥ်တို့ အဲဒီလိုဖြစ်နေတော့ ဈေးတွေက ပေါပြီးတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

မြေနုကျွန်းပေါ်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကိုင်းတောင်သူတွေမှာ တဦးကို အနည်းဆုံး ကျပ်သိန်း ၂၀ ကနေ ကျပ်သိန်း ၁၅၀ လောက်အထိ ဧကအနည်း အများပေါ် မူတည်ပြီး ရင်းနှီးစိုက်ပျိုးကြရတာ ဖြစ်ပါတယ်။ 

ဧက နှစ်ထောင်ကျော်ရှိတဲ့ ပန်းတောင်းမြေနုကျွန်းပေါ်က စိုက်ပျိုးထုတ်လုပ်သမျှ ကိုင်းသီးနှံ အားလုံး ဈေးကျဆင်းတာ၊ ဝယ်သူမရှိတာတွေကြောင့် နောက်တရာသီအတွက် အရင်းပြန်မရတော့ဘဲ လတ်တလော စိုက်ပျိုးမယ့် မိုးဦးရာသီအတွက် မြေပဲနဲ့ ဖူးစားပြောင်း စတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ အခက်အခဲ တွေရှိ နေတယ်လို့ ကိုင်းတောင်သူတဦးက ပြောပါတယ်။

“အမျိုးမျိုးဒုက္ခရောက်တာပေါ့။ ကုန်ပစ္စည်းကထွက်မှ ကျနော်တို့ ရောင်းဝယ်ရမှာလေ။ ဒါကရမှ ကျနော်တို့ လုပ်ရမှာလေ။ သူများဆီက ချေးငှားလုပ်ရတာ။ အတိုးနဲ့အရင်းနဲ့ ရှိတယ်။ ရွှေတိုငွေစရှိတယ်။ ရွှေတို၊ ငွေစသမားကလည်း ဘယ်လိုလုပ်လောက်မလဲ၊ ဒီအရင်းနှီးကို၊ မျိုးစေ့ တထုပ်ကိုပဲ ၄၀,၀၀၀ နားနီးနေပြီ၊ မြေဩဇာတထုပ်ကိုပဲ သိန်းကျော်နေပြီ။ အလုပ်သမားခလည်း ကြည့်ပါလား။ ၇,၀၀၀ ကနေ ၉,၀၀၀ တောင်းနေပြီ။ ကုန်ဈေးနှုန်းကသာ မကောင်းတာ၊ အစစအရာရာ ကျနော်တို့ တောင်သူကတော့ ခံဘက်ကချည်းပဲပေါ့လေ။”

ကိုင်းတောင်သူတွေဟာ ကုန်စိမ်းသီးနှံကို အများဆုံးစိုက်ပျိုးကြပြီး မြေပေါ်မူတည်ကာ မြေပဲ၊ ကုလားပဲ၊ ပဲကြီး၊  ပဲယင်းနဲ့ မတ်ပဲတို့ကိုလည်း စိုက်ပျိုးကြပါတယ်။ မြန်မာ့ကိုင်းကျွန်းမြေဟာ ကျေးလက်နဲ့ မြို့ပြဒေသတွေက ဝင်ငွေနည်းပြည်သူတွေအတွက် ဟင်းတခွက်ရရှိအောင် အဓိက ထောက်ပံ့ပေးနေတာဖြစ်ပေမဲ့ လယ်ယာမြေတွေလို စိုက်ပျိုးစရိတ်ချေးငွေအပြင် တခြား အထောက်အပံ့တွေလည်း မရရှိကြပါဘူး။ 

အခုလို လမ်းတွေပိတ်ဆို့လို့ ဈေးကွက်ကို အချိန်မီ မရောက်နိုင်ဘဲ သီးနှံတွေ ပျက်စီးဆုံးရှုံးသွားပေမဲ့ သက်ဆိုင်ရာ ရပ်ကျေးအပါအဝင် မည်သူတဦးတယောက်ကမှ ကူညီထောက်ပံ့ပေးဖို့ မေးမြန်းစုံစမ်း၊ စာရင်းကောက်ခံတာ မရှိဘူးလို့ သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013