DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်တွင် ရေထွက်ပေါက် ကာကွယ်တောထိန်းသိမ်းရေး လူထုတွေ့ဆုံပွဲပြုလုပ်
DVB
·
April 28, 2024
ကရင်နီပြည်တွင် ရေထွက်ပေါက် ကာကွယ်တောထိန်းသိမ်းရေး လူထုတွေ့ဆုံပွဲပြုလုပ်
1 / 4
Donate to DVB

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ဧပြီ ၂၇ ရက်မှာ စုဝေးပြီး ဒီးမော့ဆိုမြို့နယ်ထဲက ထီးထေဆိုကူး(လျားဒူချောင်း) ရေထွက်ပေါက်ကာကွယ်တောထိန်းသိမ်းရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ရေထွက်ပေါက်ကာကွယ်တောထိန်းသိမ်းရေး မြို့နယ်ကော်မတီနဲ့ ဒေသခံရပ်ရွာ ကိုယ်စားလှယ်တွေက ပြည်သူလူထုနဲ့ တွေ့ဆုံပြီး ဘေးမဲ့တောအရေးကြီးပုံကို ရှင်းပြပြောဆိုတာတွေ ဒေသခံတွေက ​ဝေဖန်အကြံပြုတာတွေ ပြုလုပ်ခဲ့ကြတာပါ။

ရေထွက်ပေါက်ကာကွယ်တောထိန်းသိမ်းရေးကော်မတီဒုဥက္ကဋ္ဌ ဦးမီးရယ်က “ဒီမှာပေါ့နော်၊ ကရင်နီမှာ သစ်တောထိန်းသိမ်းဖို့ လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့နဲ့ ချိတ်ဆက်ပြီးတော့ ဒေသခံတွေကို အသိပညာမျှ​ဝေတာတွေလုပ်ထားပါတယ်။ ဒီတောက ကျနော်တို့ အရင်ကတည်းက ထိန်းသိမ်းလာခဲ့တာကြာပြီဆိုပေမဲ့လို့ စာနဲ့ပေနဲ့ မှတ်တမ်းမှတ်ရာနဲ့ဆိုရင် ၂၀၁၉ ခုနှစ်က စတင်ခဲ့တာပါ။ ဒီတောက မိုးရာသီဆို ဒီးမော့ဆို အရှေ့ခြမ်းနဲ့ ဖရူဆိုအထိ စပါးစိုက်လို့ရအောင် ရေကောင်းတယ်။ ဒါပေမဲ့ ဒီနှစ်တွေ ကြာလာတဲ့အခါမှာ အခု ဒီရာသီဆို ရေက ခန်းချင်လာပြီ။ ရေမရှားပါးဖို့ ရေအရင်းအမြစ်ရဖို့က သစ်တောမပြုန်းတီးဖို့က အဓိကအချက်အနေနဲ့ ပါဝင်နေပါတယ်။ ဒီရေထွက်ပေါက်ကိုပဲ လယ်ဧက ၁,၀၀၀ ကျော်လောက်က မှီခိုနေတာပါ” လို့ ပြောပါတယ်။

တွေ့ဆုံပွဲမှာ ကျေးရွာဒေသခံတွေက သစ်တောထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့တင်ပြမှုတွေ၊ သစ်ပင်စိုက်ရေး အစီအမံတွေ၊ သစ်တောနဲ့ နိုင်ငံရေးအခြေပြ ဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

၁,၀၈၄ ဧကကျော်ရှိတဲ့ ရေထွက်ပေါက်ကာကွယ်တောမှာ သစ်ပင်ဝါးပင်တွေသာမက မျောက်၊ တောဝက်၊ ယုန်၊ ငှက်၊ ငါး စတဲ့ တိရစ္ဆာန်တွေပါ နေထိုင်ကြပြီး သားကောင်မပစ်ရေးနဲ့ သစ်ပင်မခုတ်ရေး အဓိကစည်းကမ်းတင်းကြပ်ထားပြီး သစ်တော အရေးပါပုံတွေနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေလည်း လုပ်သွားဖို့ရှိတယ်လို့ ကော်မတီဝင်တွေက ပြောပါတယ်။

ဒေသခံတယောက်က “ကျမတို့က ငယ်ငယ်လေးကတည်းကပဲ ဒီရွာတွေမှာ နေလာတော့ ဒီချောင်းက ကျမတို့အတွက် အသက်ပဲ။ စပါးစိုက်ဖို့ရေလည်း ဒီက၊ သောက်ဖို့ရေလည်းဒီက၊ သုံးဖို့ရေလည်း ဒီကပဲ။ အခုနောက်ပိုင်း ရာသီဥတုတွေ ပူလာတော့ ရေက တအားခန်းသွားတယ်။ ဒီသစ်တောကို ထိန်းသိမ်းမှ ဒီရေထွက်ချောင်းကို ရေအမြဲထွက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ်ကစလို့ ကော်မတီနဲ့ လူထုတွေ့ဆုံပွဲကို ၂ နှစ်တကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး ထီးထေဆိုကူး ရေထွက်ပေါက်ကာကွယ်တောမှာ သစ်ပင်ထပ်မံစိုက်ပျိုးရေးနဲ့ ရေအရင်းအမြစ် အမြဲထွက်ရှိရေး အတွက် သစ်တောထိန်းသိမ်းရေးကော်မတီနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကရင်နီပြည်တွင် ရေထွက်ပေါက် ကာကွယ်တောထိန်းသိမ်းရေး လူထုတွေ့ဆုံပွဲပြုလုပ်