DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် ညီအစ်ကို ၃ ဦးကို စစ်တပ် ဖမ်းဆီး၊ ရှမ်းနီ တပ်သား ၅ ဦး လက်နက်ဖြင့် အလင်းဝင်
DVB
·
April 28, 2024
မုံရွာတွင် ညီအစ်ကို ၃ ဦးကို စစ်တပ် ဖမ်းဆီး၊ ရှမ်းနီ တပ်သား ၅ ဦး လက်နက်ဖြင့် အလင်းဝင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ၁၃ နှစ်သားအပါအဝင် ညီအစ်ကို ၃ ဦးကို စစ်ကောင်စီတပ်သားတွေက အိမ်ထဲကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဟုမ္မလင်းမြို့နယ်မှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် - SNA က ရဲဘော် ၅ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အလင်းဝင်လာတယ်လို့ သိရပါတယ်။

မုံရွာမြို့၊ ရတနာပုံရပ်ကွက်မှာနေထိုင်တဲ့ ညီအစ်ကို ၃ ဦးကို ဧပြီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်အတွင်းဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “စစ်သား ၁၀ ယောက်လောက် အိမ်စီးကားနဲ့ရောက်လာပြီး သူတို့ညီအစ်ကို ၃ ယောက်ကို မျက်နှာတွေကို အဝတ်စည်းပြီး ဖမ်းခေါ်သွားတာ တွေ့လိုက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားသူတွေဟာ အသက် ၂၀ ကျော် ညီအစ်ကို ၂ ယောက်နဲ့ အငယ်ဆုံးက အသက် ၁၃ နှစ်အရွယ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတယောက်က “အကြီးလေး မျက်နှာသစ်နေတုန်း သူတို့တွေက အိမ်ထဲဝင်လာပြီး ဒူးထောက်ခိုင်းတယ်။ PDF လားလို့ မေးတယ်။ စစ်သားတွေက သူ့ညီ ၂ ယောက်ရဲ့ အိပ်ရာထဲသွားပြီး ခြေထောက်နဲ့ကန်နှိုးပြီး မျက်နှာတွေကို အဝတ်စည်းပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ခေါ်သွားတယ်ဆိုတာ စုံစမ်းလို့မရသေးဘူး။ သူ့မိဘတွေက ကလေးတွေအတွက် အရမ်းစိတ်ပူနေကြတယ်” ပြောပါတယ်။

မတရားဖမ်းဆီးခံရတဲ့ ညီတစ်ကို ၃ ယောက်ဟာ စစ်ကောင်စီတပ်သားတွေ စွပ်စွဲသလို PDF တွေ မဟုတ်ကြဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ညီအစ်ကို ၃ ဦး အဖမ်းခံရတာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ မုံရွာရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ‘စစ်တပ်က ဖမ်းတာဖြစ်လို့ သူတို့မသိရပါဘူး’ လို့ပဲ တာဝန်မှူးက ပြန်လည်ဖြေဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးတာတွေ နေ့စဉ်နဲ့အမျှ လုပ်နေလို့ ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဟုမ္မလင်းမြို့နယ်မှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် - SNA က ရဲဘော် ၅ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အလင်းဝင်လာတယ်လို့ သိရပါတယ်။

ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူတယောက်က “တပ်စိတ်မှူးအဆင့်သူ ၂ ဦးနဲ့ တပ်သားအဆင့်ရှိသူ ၃ ဦးဟာ ရပ်ကျေး ပ.က.ဖတွေနဲ့ ချိတ်ဆက်ပြီး ဧပြီ ၂၄ ရက်နေ့က အလင်းဝင်ရောက်လာကြတာပါ။ ကျနော်တို့အဖွဲ့ဆီကို ရှမ်းနီအမျိုးသားများတပ်မတော် - SNA ကနေ အလင်းဝင်လာတဲ့သူ ၉‌ ဦးရှိနေပါပြီ” လို့ ​ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ HK 33 သေနတ် ၁ လက်၊ AK 1 သေနတ် ၁ လက်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၉၀ နဲ့ ၅ ဒသမ ၅၆ ကျည် ၁၈၄ တောင့်အပ်နှံလို့ ဂုဏ်ပြုဆုငွေတွေ ပေးအပ်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဟုမ္မလင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်ရောက်လာသူတွေကို ဆုကြေးငွေ ချီးမြှင့်တာတွေအပြင် နေထိုင်စားသောက်ရေး၊ လုံခြုံရေးတို့အတွက် စီမံဆောင်ရွက်ပေးထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မုံရွာတွင် ညီအစ်ကို ၃ ဦးကို စစ်တပ် ဖမ်းဆီး၊ ရှမ်းနီ တပ်သား ၅ ဦး လက်နက်ဖြင့် အလင်းဝင်