DVB Logo
Home
နိုင်ငံတကာ
တရုတ်နှင့် အမေရိကန် မိတ်ဖက်သာဖြစ်သင့်ဟု သမ္မတရှီ ပြော
DVB
·
April 28, 2024
တရုတ်နှင့် အမေရိကန် မိတ်ဖက်သာဖြစ်သင့်ဟု သမ္မတရှီ ပြော
Donate to DVB

တရုတ်နဲ့ အမေရိကန်တို့ဟာ ပြိုင်ဘက်တွေထက် မိတ်ဖက်တွေသာ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဘလင်ကန်နဲ့ သောကြာနေ့ မွန်းလွဲပိုင်းက ပေကျင်းရှိ ဂရိတ်ဟောလ်ပြည်သူ့ခန်းမကြီးမှာ တွေ့ဆုံချိန်အတွင်း ပြောကြားခဲ့ပါတယ်။ 

ဒီနှစ်ဟာ တရုတ်နဲ့ အမေရိကန်ကြား သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပြီး လွန်ခဲ့တဲ့ ၄၅ နှစ်တာ ကာလအတွင်းမှာ ၂ နိုင်ငံဆက်ဆံရေးက မိုးထဲလေထဲ သွားနေရသလို ဖြစ်‌ကြောင်း၊ တရုတ်က အမေရိကန်ကို ကမ်းလှမ်းချင်တဲ့ အရေးကြီး အကြောင်းအရာတွေ ရှိနေကြောင်း၊ တရုတ်နဲ့ အမေရိကန်တို့ဟာ ပြိုင်ဘက်တွေအဖြစ်ထက် မိတ်ဖက်တွေ ဖြစ်သင့်ပြီး တဖက်နဲ့တဖက် ထိခိုက်နာကျင်စေမယ့်အစား အောင်မြင်အောင် ကူညီပေးသင့်ကြောင်း၊ အကြောင်းအရာတခုကို ပြောပြီး ဆန့်ကျင်ဘက်တွေ လုပ်မယ့်အစား အပြုအမူကို ဂုဏ်ပြုသင့်ကြောင်း တရုတ်သမ္မတ ရှီက ပြောပါတယ်။ 

အတိတ်ကနေ သင်ယူရတဲ့ သင်ခန်းစာတွေရော၊ အနာဂတ်အတွက် လမ်းညွှန်ချက်တခုလည်း ဖြစ်တဲ့ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ Win-Win ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ အခြေခံမူကြီး  ၃ ရပ်ကို အဆိုပြုတင်ပြခဲ့တယ်လို့လည်း သမ္မတ ရှီက အစည်းအဝေးမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း နှစ်ဖက်စလုံးဟာ နားလည်မှု လွဲမှားခြင်းမှ ရှောင်ရှားနိုင်ဖို့ ဆက်ဆံရေးကို အားကောင်းအောင် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်က ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေကို နက်နက်ရှိုင်းရှိုင်း ရှာဖွေဖို့ ဆိုပြီး သူနဲ့ တရုတ်သမ္မတတို့ ဆန်ဖရန်စစ္စကိုမှာ ချမှတ်ထားတဲ့ အရေးကြီးတဲ့ အစီအစဉ်တွေကို လိုက်နာ ဆောင်ရွက်ဖို့ ပေကျင်းကို ပြန်လာဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဘလင့်ကန်က ပြောပါတယ်။ 

အထူးသဖြင့် ပြည်သူအချင်းချင်း ဆက်ဆံရေးတွေကလည်း ဒီပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ တိုးတက်မှုတွေ တွေ့ခဲ့ရတယ်လို့ ထင်မြင်ကြောင်းလည်း ပြောဆိုပါတယ်။

တရုတ်-အမေရိကန်တို့အကြား ဆက်သွယ်မှု လမ်းကြောင်းတွေကို ထိန်းသိမ်းထားပြီး အားကောင်းစေဖို့ ကတိပြုပြီးတော့ မှားယွင်းတဲ့ ဆက်သွယ်မှုတွေ၊ အထင်အမြင်လွဲမှားမှုတွေ၊ တွက်ချက်မှု လွဲမှားမှုတွေကို ရှောင်ရှားနိုင်စေဖို့နဲ့ ဆက်ဆံရေးကို တာဝန်သိသိ စီမံခန့်ခွဲဖို့ ကတိကဝတ် ပြုကြောင်းလည်း ဘလင်ကန်က ဆိုပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေး  ဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံ ခရီးစဉ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013