DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကြောင့် သက်တမ်းပြည့် MoU အလုပ်သမားများ နေရပ်မပြန်လိုကြ 
DVB
·
April 27, 2024
စစ်မှုထမ်းဥပဒေကြောင့် သက်တမ်းပြည့် MoU အလုပ်သမားများ နေရပ်မပြန်လိုကြ 
Donate to DVB

ထိုင်းနိုင်ငံမှာ MoU သက်တမ်း ၄ နှစ်ပြည့် အလုပ်သမားတွေအနေနဲ့ ဧပြီလကုန် နောက်ဆုံးထားပြီး မဖြစ်မနေ နေရပ်ပြန် သက်တမ်းတိုးရမယ့်အပေါ် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တိုက်ပွဲတွေကြောင့် နေရပ်မပြန်လိုကြောင်း ပြောဆိုကြပါတယ်။ 

ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ အလုပ်လုပ်ကိုင်နေပြီး သက်တမ်း ၄ နှစ် ပြည့်သွားတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားတွေကို ဧပြီလကုန် နောက်ဆုံးထားပြီး မိမိတို့နိုင်ငံဆီ ပြန်ကာ အထောက်အထား စာရွက်စာတမ်းတွေ သက်တမ်းတိုးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်တွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် သက်တမ်းပြည့် MoU အလုပ်သမားတွေဟာ ပြည်တွင်းကို မပြန်လိုကြဘူးလို့ ပြောပါတယ်။

အခုလို တိုင်းပြည် မငြိမ်မသက် ဖြစ်နေချိန်နဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းတာတွေ ရှိနေချိန်မှာ အလုပ်သမားတွေ ပြည်တွင်းပြန်ဖို့က စိတ်မလုံခြုံဘူးလို့ ထိုင်းရောက် အလုပ်သမား ကိုဇော်ဇော်က ပြောပါတယ်။

“တခြား လာအို၊ ကမ္ဘောဒီးယားတို့အတွက်ကျ အဆင်ပြေနိုင်ပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အဖမ်းအဆီးတွေလည်း များနေတယ်။ စစ်မှုထမ်းဥပဒေကလည်း တောက်လျှောက် အရှိန်အဟုန် မြင့်လာတဲ့အချိန်မှာ ၄ နှစ်ပြည့်ပြီး ထိုင်းကိုရောက်ပြီးသားလူတွေက မဖြစ်မနေ ပြန်ထွက်ရမယ်ဆိုတော့ အားလုံးက စိုးရိမ်ကြောင်းကြမှုတွေရှိတယ်။ အခု ကျနော်တို့ဆိုရင်လည်း စစ်မှုထမ်း ဥပဒေထဲမှာ အကျုံးဝင်တဲ့ အလုပ်သမားတွေပဲ။ ကိုယ့်နိုင်ငံကိုပြန်ပြီး အစိုးရရုံးတွေနဲ့ ပြန်ဆက်သွယ်ပြီး စာရွက်စာတမ်း အသစ်တွေ လုပ်ရမယ်။ အထောက်အထားတွေ လုပ်ရမယ်ဆို ဒီအချက်လက်တွေကို ကြည့်ပြီး ကျနော်တို့ ပြည်ပကို ပြန်ထွက်လို့ရပါ့မလား စိုးရိမ်စိတ်ရှိတယ်။”

ထိုင်းနိုင်ငံကို နှစ်နိုင်ငံအစိုးရ သဘောတူစာချုပ် MoU စနစ်နဲ့ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံက အလုပ်သမားတွေဟာ စာချုပ်သက်တမ်းအရ ၂ နှစ် တရားဝင် အလုပ်လုပ်ခွင့် ရှိပြီး၊ နောက်ထပ် ၂ နှစ် သက်တမ်းတိုးကာ စုစုပေါင်း ၄ နှစ်အထိ အလုပ်လုပ်ခွင့်ရှိပါတယ်။

ကိုဗစ်ကာလ မတိုင်ခင်က ရောက်ရှိခဲ့တဲ့ အလုပ်သမားတွေဟာ ဒီနှစ်မှာ ၄ နှစ်သက်တမ်း ပြည့်သွားတာကြောင့် မိမိတို့ နေရပ်နိုင်ငံဆီ ပြန်ပြီး စာချုပ်သက်တမ်းတိုးရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံမှာ လုံခြုံမှု မရှိတာကြောင့် နယ်စပ် ဂိတ်တွေကတဆင့် နေရပ်ပြန်ဖို့က အလုပ်သမားတွေအတွက် အခက်အခဲ၊ အကျပ်အတည်းတွေ ဖြစ်စေတယ်လို့ မြန်မာ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “MoU လုပ်သားတွေ ကိုယ်တိုင် ဘက်ပေါင်းစုံက မလုံခြုံတဲ့ဘဝ၊ စိတ်မချရတဲ့ ဘဝမျိုးကို ဖြစ်သွားမှာ စိုးတဲ့အတွက် ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကပဲ ထိုင်းနိုင်ငံထဲမှာပဲ အဲဒီ အထောက်အထား စာရွက်စာတမ်းတွေ ပြုလုပ်နိုင်အောင် လုပ်ပေးပါလို့ ပြောလာတာ အစဉ်အဆက်ပဲ။ ထိုင်း - မြန်မာ နယ်စပ်မှာ ဖြစ်နေတဲ့ မြဝတီ တိုက်ပွဲတွေအပါအဝင် နယ်စပ် လုံခြုံရေး အနေအထား၊ မြန်မာနိုင်ငံဘက်မှာ စစ်မှုမထမ်းမနေရ ဥပဒေဆိုတဲ့ ကပ်ကြီး ၃ ပါးထဲက တပါး၊ စစ်အာဏာသိမ်းထားတဲ့ ကပ်ကြီး၊ အဲဒီ MoU စာရွက်စာတမ်း သက်တမ်းတိုးမယ့် အလုပ်သမားတွေက ၂ ရာခိုင်နှုန်း အခွန်ဆောင်ပြီးပြီလား ရစ်ခြင်းပေါင်းများစွာနဲ့ အရစ်ခံရမယ်။ ထိုင်းအစိုးရက အဲ့သလိုမျိုး တွန်းပို့လိုက်တာတော့ အကြီးအကျယ် ကန့်ကွက်တယ်။”

လက်ရှိ ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားတွေကို အဆင်ပြေအောင် ထိုင်းပြည်တွင်းမှာပဲ သက်တမ်းတိုးကိစ္စတွေ လုပ်ဆောင်ပေးသင့်တယ်လို့လည်း အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

FED Foundation အလုပ်သမားအရေး တာဝန်ခံ ဦးမင်းဦးက “အခုလို အခြေအနေမျိုးမှာတော့ ဒီလိုမျိုး စည်းမျဉ်းစည်းကမ်းအတိုင်း အတိအကျ မလုပ်ဘဲ အလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ သက်သာမှု၊ အဆင်ပြေမှုကို ကြည့်ပြီး လုပ်ဆောင်သင့်တယ် ထင်တယ်။ ဒါက တပိုင်းပေါ့။ နောက်တခုက မြန်မာဘက်ကရော ထိုင်းဘက်ကရော အေဂျင်စီတွေအနေနဲ့ ဒီကိစ္စကို အဆင်ပြေဆုံးနဲ့ အရင်တုန်းကလို ဖြစ်နိုင်ရင် ထိုင်းပြည်တွင်းထဲမှာပဲ လုပ်ပေးနိုင်ရင် အလုပ်သမားတွေအတွက် လုံခြုံရေးအရရော၊ ကုန်ကျစရိတ်အရရော အကုန်လုံး အဆင်ပြေမယ် ထင်ပါတယ်လို့ ပြောပါတယ်။

MoU ၄ နှစ်ပြည့် အလုပ်သမားတွေဟာ မြန်မာ-ထိုင်း နယ်စပ် ဂိတ်ပေါက်တွေဖြစ်တဲ့ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ တာချီလိတ်-မယ်ဆိုင် စတဲ့ ဂိတ်တွေကနေ နေရပ်ပြန် သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ MoU စနစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁ သန်း ဝန်းကျင် ရှိပြီး၊ မဖြစ်မနေ သက်တမ်းတိုးရမယ့် အလုပ်သမားအရေအတွက်က ၇ သိန်းကနေ ၈ သိန်းကြားမှာ ရှိနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်း ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013