DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ရေးအလုပ်အမှုဆောင် ပစ်သတ်ခံရ၊ ကျိုက်ထိုတွင် စစ်မှုထမ်းဟောင်း ၁ ဦး ပစ်ခတ်ခံရ
DVB
·
April 27, 2024
ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ရေးအလုပ်အမှုဆောင် ပစ်သတ်ခံရ၊ ကျိုက်ထိုတွင် စစ်မှုထမ်းဟောင်း ၁ ဦး ပစ်ခတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ မြို့နယ်အလုပ်အမှုဆောင်တယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း စစ်မှုထမ်းဟောင်းတယောက် ပစ်ခတ်ခံရတာကြောင့် စိုးရိမ်ရတဲ့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်က လယ်မကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီ မြို့နယ်အလုပ်အမှုဆောင်ဖြစ်တဲ့ ကိုဌေးမင်းဟာ ဧပြီ ၂၅ ရက်နေ့၊ ည ၈ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “သူ့အိမ်ကနေ သေနတ်သံ ၇ ချက် ၈ ချက်ကြားလို့ လူစုပြီးသွားကြတော့ သေနေပြီ။ ခေါင်းနဲ့ ကိုယ်လုံးမှာ ကျည်ဆံရာ ၅ ချက်တွေ့တယ်။ ပျူစောထီးသင်တန်း ဆင်းပြီးသားဖြစ်တဲ့ သူ့သားကတော့ ထွက်ပြေးလို့ လွတ်သွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူ ကိုဌေးမင်းဟာ အသက် ၄၀ ဝန်းကျင်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရာထူးနဲ့ ပွင့်ဖြူမြို့နယ် ကြံ့ခိုင်ရေးပါတီ မြို့နယ်အလုပ်အမှုဆောင်တာဝန်ယူထားသူ ဖြစ်သလို ပျူစောထီးသင်တန်း ဆင်းပြီးထားသူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဌေးမင်း က စုံတယ်။ ပျူစောထီးသင်တန်းဆင်းပြီးသား။ စစ်တပ်က သူ့ကို သေနတ်တောင်ပေးထားတယ်ကြားတယ်။ စစ်မှုထမ်းဥပဒေထွက်တော့ သူကအရမ်းပျော်နေတာ။ အခုလည်း စစ်မှုထမ်းစာရင်းတွေစုရတာ မနားရဘူး” လို့ ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို ဒေသခံတွေက ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့ရပြီး အခုပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ ထုတ်ပြန်ကြေငြာထားတာ မတွေ့ရှိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မကွေးတိုင်း၊ အောင်လံမြို့နယ်၊ နတ်မောက်မြို့နယ်၊ တောင်တွင်းကြီး မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ပျူစောထီးတွေ ဆက်တိုက်ပစ်သတ်ခံရတယ်တို့ မြို့ခံတွေဆီက သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာတော့ ဧပြီ ၂၆ ရက်နေ့က စစ်မှုထမ်းဟောင်းတယောက် ပစ်ခတ်ခံရတာကြောင့် စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၅၀ အရွယ် အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးကျော်ကျော်ဟာ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုသတင်းတွေကို စုံစမ်းပြီး စစ်ကောင်စီဆီကို ပေးပို့နေလို့ ဧပြီ ၂၆ ရက် မနက် ၇ နာရီလောက်က ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အင်းဝဘဏ်ဘေးမှာရှိတဲ့ ဆိုင်ကယ်ကယ်ရီဂိတ်မှာ သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခဲ့တယ်လို့ NUG လက်အောက်ခံ တပ်ရင်း ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ကျော်မှာ ပေါင်ရှပ်ထိဒဏ်ရာ၊ တင်ပဆုံကနေဆီးခုံအတွင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ ပေါင်အတွင်းကျည်နစ်မြုပ်ဒဏ်ရာတို့ရရှိခဲ့ပြီး လူမှုကူညီရေးအသင်းတွေက ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် သထုံဆေးရုံကြီးကို ထပ်မံပို့ဆောင်ခဲ့ပါတယ်။

မိသားစုဝင်နဲ့နီးစပ်သူတယောက်က “စစ်မှုထမ်းဟောင်းဆိုတော့ စစ်သားတွေရဲတွေနဲ့တော့ နီးနီးစပ်စပ်‌ရှိသလို အသွားအလာလည်း ရှိတာပေါ့။ သတင်းပေး ဘာညာ လုပ်နေတယ်ဆိုတာ ဟုတ် မဟုတ်တော့ သူ့ဘာသာပဲသိမှာပါ။ အခုတော့ ဒဏ်ရာအခြေအနေက စိုးရိမ်ရတဲ့ အခြေအနေရှိနေပါသေးတယ်” လို့ ပြောပါတယ်။

အင်းဝဘဏ်ဘေးမှာရှိတဲ့ တက္ကစီဂိတ်မှာ ဦးကျော်ကျော်ပစ်ခတ်ခံရတဲ့ပြီးနောက် အင်းဝဘဏ်ထဲမှာရှိတဲ့ အစောင့်စစ်သားတွေ အချက်ပေါင်းများစွာရမ်းသန်းပစ်ခတ်ပေမယ့် ထိခိုက်တာတွေတော့မရှိဘူးလို့ အနီးနားရှိပြည်သူတွေက ပြောပါတယ်။

စစ်မှုမထမ်းမနေရစနစ် ထုတ်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်တဲ့သူတွေ၊ သတင်းပေး ၁၅ ယောက်ထက်မနည်းပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း လက်နက်‌ကိုင်ဆောင်ထားပြီး စစ်မှုထမ်းဖို့စာရင်းကောက်ခံနေတဲ့  ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013