DVB Logo
Home
မြန်မာသတင်း
ပြည်ပဈေးကွက်သို့ ငါးရံ့ခြောက်များ ပြန်မတင်ပို့နိုင်သဖြင့် ဈေးကောင်းမရဖြစ်နေ
DVB
·
April 27, 2024
ပြည်ပဈေးကွက်သို့ ငါးရံ့ခြောက်များ ပြန်မတင်ပို့နိုင်သဖြင့် ဈေးကောင်းမရဖြစ်နေ
Donate to DVB

စစ်တပ်အာဏာသိမ်းတဲ့ဒဏ်ကြောင့် ဧရာဝတီတိုင်းက ငါးရံ့ခြောက်တွေ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ငါးခြောက် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အဲဒီ ငါးရံ့ခြောက်တွေကို စစ်တပ် အာဏာမသိမ်းခင်က ပြည်ပဈေးကွက်ဖြစ်တဲ့ စင်ကာပူ၊ တရုတ်၊ ထိုင်း စတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ စစ်တပ် အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်နေလို့ ဒီနေ့အထိ ပြန်လည်တင်ပို့မရောင်းချနိုင်သေးတာကြောင့် ဈေးကောင်းမရ ဖြစ်နေတာလို့ ဆိုပါတယ်။

ကျိုက်လတ်မြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တဦးက “ငါးရံ့ခြောက်ဈေးကွက်က တော်တော်လေး ထိုးကျလာတယ်။ ဒီရက်ပိုင်းအတွင်း ပိုဆိုးလာတယ်၊ ပြည်တွင်းဈေးတခုတည်းကို အားကိုးနေရတာလေ။ ဈေးက ဘယ်ရမလဲ။ အရင်က ပြည်ပဈေးကွက်ရှိတော့ အရောင်းလည်းသွက်သလို ဈေးကောင်းလည်းရတယ်။ ဈေးကောင်းရ‌ေတာ့ ရေလုပ်သားတွေကော၊ ကုန်သည်တွေကော အဆင်ပြေခဲ့တယ်။ အခုတော့ အကုန် ငုတ်တုတ်မေ့နေတယ်” လို့ ပြောပါတယ်။

လက်ရှိ ဒေသငါးရံ့ငါးခြောက်ဈေးကွက်မှာ ငါးရံ့ခြောက် အကြီး တပိဿာကို ၁၄၅,၀၀၀ ကျပ်၊ ငါးရံ့ ငါးခြောက်အလတ် တပိဿာကို ၁၂၅,၀၀၀ ကျပ်၊ ငါးရံ့ ငါးခြောက်အသေး တပိဿာကို ၁၀၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ငါးရံ့ခြောက်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပေမဲ့ အထွက်နည်းနေတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်က ငါးခြောက်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ဧရာဝတီတိုင်းက ငါးရံ့ခြောက်တွေက ပြည်တွင်းကော ပြည်ပကော ဈေးကွက်ရှိတယ်။ ပြည်ပဈေးကွက်ဆို ရန်ကုန်ကနေတဆင့် တင်ပို့တာ။ တနှစ်ထက်တနှစ် ငါးရံ့ခြောက်ကုန်ကြမ်းက ရတာ လျော့နည်းလာတယ်။ မြန်မာနိုင်ငံမှာက ငါးရံ့ကို မွေးမြူရေးလုပ်လို့ အဆင်မပြေသေးဘူး။ ငါးရံ့က သဘာဝ အင်းအိုင်တွေက ရတာတွေပဲ ရှိတယ်။ တခါမျိုးဥချရင် ဥပေါင်း သိန်းချီပါတယ်။ သူတို့က ရေစီးထဲမှာ ဥတာမဟုတ်ဘူး၊ လယ်ကွင်းတွေပေါ် တက်ဥတာများတယ်။ ဥတဲ့အချိန် စပါးစိုက်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်တယ်။ စပါးပင် ပိုးသတ်ဆေးတို့ ရှော့တိုက်ငါးဖမ်းတာတွေကြောင့် ဥတွေအားလုံးက မျိုးမအောင်ဘဲ တနှစ်ထက်တနှစ် ငါးကောင်ရေ လျော့လာတယ်။ အခုက အခက်အခဲနှစ်မျိုးကြောင့် ပြည်ပဈေးကွက် မတင်ပို့နိုင်တော့တာ” လို့ ပြောပါတယ်။

အဲ့ဒီ ငါးရံ့ခြောက်တွေကို လုပ်ကိုင်ရာမှာ ငါးရံ့တွေကို ဝယ်ယူပြီး အလုပ်သမားတွေနဲ့ အကြေးခွံချွတ် (အကြေးထိုး)၊ ခေါင်းဖြတ်ပြီး ဗိုက်ခွဲပြီး ရေစင်အောင် ၄ ကြိမ်လောက်ဆေးပြီး သင့်တော်တဲ့ ဆားပမမာဏထည့်၊ ဆားနယ်ပြီး တညအိပ်ထားကာ ဆားတွေကို ရေစင်အောင်ဆေးပြီး နေလှန်းရတယ်လို့ ဆိုပါတယ်။

“ငါးခြောက်တွေကို ဆောင်းတွင်းနေဆို လေးရက်လောက် လှန်းရပါတယ်။ အခုလို နွေဆိုရင် နှစ်ရက်လောက်နဲ့ ခြောက်ပါတယ်။ ငါးရံ့ကို ခြောက်အောင်လှန်းဖို့ပဲ လိုတယ်။ ခြောက်ရင် ယင်ကြီးမဥေတာ့ဘူး၊ ဘာယမ်းစိမ်းမှလည်း သုံးစရာမလိုဘူး။ ပါကင်ပိတ်ပြီးထားရင် အကြာကြီး အထားခံပါတယ်” လို့ နောက်ထပ် ငါးရံ့ခြောက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသထွက် ငါးရံ့ခြောက်တွေ ပြုလုပ်ဖို့ ငါးရံ့တွေကို ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မအူပင်မြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ပန်းတနော်မြို့နယ်တွေက ရေချိုအင်းအိုင်တွေမှာ အများဆုံးရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013