DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ
DVB
·
April 27, 2024
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ
Donate to DVB

ရန်ကုန်ရဲ့ တချို့မြို့နယ်တွေမှာ ဧည့်သန်းခေါင်စာရင်းနဲ့ နေထိုင်သူတွေကို ဧည့်စာရင်းတိုင်ရင် ရပ်ကွက်ရုံးမှာ ဧည့်သည်ရဲ့ ဓာတ်ပုံကိုပါ တပါတည်းပေးပြီး တိုင်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လှိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလာမတိုင်ခင်ကတည်းက ဧည့်စာရင်းလာတိုင်သူတွေကို ဓာတ်ပုံပါတောင်းနေတာဖြစ်ပြီး သင်္ကြန်ပြီးတဲ့အချိန်မှာတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ကောက်ခံလာတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“လှိုင်မှာတော့ ဧည့်စာရင်းနဲ့နေတဲ့သူတွေကို ဓာတ်ပုံတွေ တောင်းနေတာကတော့ ဒီလဆန်းပိုင်းကတည်းကပဲ။ ဒီ သင်္ကြန်အလွန် ရုံးပြန်ဖွင့်တဲ့အခါမှာ ဓာတ်ပုံတွေကို တင်းတင်းကျပ်ကျပ်တောင်းလာတာပဲ။ ဓာတ်ပုံမပေးရင် ဧည့်စာရင်းမပေးဘူး ပြောလာတာတွေရှိတယ်။ သူတို့က ဓာတ်ပုံပေးမှ ဧည့်စာရင်းပေးမယ်ဆိုတာကတော့ ကျနော့် အထင်ကတော့ သူတို့ အချင်းချင်း ပြန်ပြီး ကြပ်လာတယ်လို့ထင်တယ်၊ ဒီလိုမျိုး ဖြစ်နေတယ်ဆိုတာက သူတို့စစ်မှုထမ်းဥပဒေစပြီး အသက်သွင်းကတည်းက အဲဒီလိုဖြစ်နေတာလေ၊ အဲဒီလိုမျိုးပဲ ကျနော်ကတော့ ထင်တယ်။”

ဓာတ်ပုံမပါရင် ဧည့်စာရင်းမပေးဘဲ ဧည့်စာရင်းမတိုင်ထားရင်လည်း ဒဏ်ငွေကောက်ခံတာတွေရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်က  မြို့နယ်တော်တော်များမှာတော့ ပုံမှန်အတိုင်း သတ်မှတ်ထားသလို ဧည့်စာရင်း တိုင်နေရတုန်း ဖြစ်ပေမဲ့ လှိုင်မြို့နယ်အပါအဝင် မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့ရဲ့ ရပ်ကွက်တချို့မှာလည်း အခုလို အဖြစ်အပျက်တွေကြုံနေကြရပါတယ်။ 

လှိုင်သာယာမြို့နယ်မှာလည်း နွေဦးတော်လှန်ရေး စတင်ပြီး မကြာခင် ၂၀၂၂ ကတည်းက ဧည့်စာရင်းတိုင်ရင် အိမ်ရှိလူအကုန် ဓာတ်ပုံပေးပြီး တိုင်ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တဲ့ ၂၀၂၄ ဖေဖော်ဝါရီ နောက်ပိုင်းမှာတော့ ဧည့်စာရင်းကိစ္စက ပိုဆိုးလာတယ်လို့ လှိုင်သာယာမြို့နေ ဒေသခံတယောက်က ပြောပါတယ်။

“ဧည့်စာရင်းက ၁၅ ရက်တခါတိုင်ရတယ်၊ အိမ်မှာရှိတဲ့လူကုန်ပေါ့။ ငှါးနေတဲ့ ဧည့်အကုန်လုံး ဓာတ်ပုံရိုက်ပြီးတော့ အဲဒီဓာတ်ပုံကိုင်ပြီးတော့ ဧည့်စာရင်းသွားတိုင်ရတယ်။ စစ်ပြီဆိုရင်တော့ တလမ်းလုံး အိမ်အပိုင်တွေပါ အကုန်စစ်တာ။ စစ်ပြီဆိုတာနဲ့ အကုန်လုံးအပြင်ထွက်နေရတယ်၊ မတ်တပ်ရပ်ပြီးတော့၊ သူတို့ကို စောင့်နေရတယ်။ မတ်တပ်ရပ်ပြီး ကိုယ့်အိမ်ကို လာမစစ်မချင်း ဧည့်စာရင်း စာရွက်တွေ ကိုင်နေရတယ်။ အိမ်ရှင်ကလည်း ရှိသမျှ ဧည့်သည်တွေ အကုန်ခေါ်ထုတ်ရတယ်၊ ရပ်ကွက်ရုံးက လာစစ်တယ်ဆိုပေမဲ့  စစ်တပ်ပါတယ် ရဲပါတယ်။ မတိုင်ထားတဲ့ ရက်ကျော်တဲ့သူတွေဆိုရင် ဒဏ်ငွေရိုက်တယ်။ ယောကျ်ားလေးတွေဆိုရင် ရိုက်နှက်တယ်၊ ကန်ကျောက်တယ်။ ပြန်ပြောတဲ့သူတွေဆို ပါးတွေနားတွေချတာ၊ ပြီးရင်ဖမ်းသွားပြီး ဒဏ်ငွေတသိန်းတောင်းတယ် တယောက်ကို၊ အခုကတော့ စစ်ထဲ တန်းဝင်ရမှာပေါ့၊ စစ်မှုထမ်းဥပဒေပေါ်လာပြီဆိုတော့။”

နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားပြီး ဧည့်စာရင်းတိုင်နေရတုန်း ဖြစ်တာက နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး ဆုံရှုံးတာဖြစ်ပြီး မလုံခြုံဘူးလို့ ခံစားရစေတယ်လို့ လှိုင်သာယာဒေသခံက ဆက်ပြောပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်လည်အသက်သွင်းခဲ့ပြီးနောက် လူငယ်တွေကို စစ်သင်တန်းပေးတာ၊ ဖိအားပေး စစ်မှုထမ်းစေခိုင်းတာတွေ ဆက်တိုက်ပြုလုပ်လာတာပါ။

အတင်းအကျပ် စစ်မှုထမ်းစေခိုင်းတာကြောင့် လူငယ်တွေက နေရပ်တွေကနေ ထွက်ပြေးတိမ်းရှောင်တာတွေ များလာတဲ့အတွက် စစ်ကောင်စီက နောက်ကြောင်းလိုက်ဖို့နဲ့ လူထုကို ခြိမ်းခြောက်ဖို့ ဓာတ်ပုံပေး ဧည့်စာရင်းတိုင်ခိုင်းတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတယောက်က မှတ်ချက်ပြုပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ