DVB Logo
Home
နိုင်ငံတကာ
AI ဖြင့် ဖန်တီးသော ထိုင်းတော်ဝင်မိသားစု ဓာတ်ပုံများ မဖြန့်ဝေရန် ISOC ဌာန သတိပေး 
DVB
·
June 16, 2026
Photo: Khaosod News
Photo: Khaosod News
Donate to DVB

ထိုင်းဘုရင့်သမီးတော် နတ်ရွာစံပြီးနောက်ပိုင်း ထိုင်းတော်ဝင်မိသားစု ဝမ်းနည်းကြေကွဲပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အဲဒီထဲမှာ အစစ်အမှန်မဟုတ်သော AI ဉာဏ်ရည်တု နည်းပညာနဲ့  ဖန်တီးထားတဲ့ ဓာတ်ပုံတွေပါ ရောနှောပါဝင်နေပါတယ်။ 

အထူးသဖြင့် သမီးတော်ရဲ့ ရုပ်ကလပ်ကို ချူလာလောင်ကွန်း ကြက်ခြေနီဆေးရုံမှ ဖရနခွန်းနယ်မြေ နန်းတွင်းကို ပြန်လည်သယ်ဆောင်လာစဉ် ကားပေါ်က ဘုရင်ကြီး မဟာဝဇီရာလောင်ကွန်းနဲ့ မိဖုရားကြီး ဆုထီဒါတို့ နှစ်ပါး  မျက်ရည်ကျနေတဲ့ပုံတွေလည်း အွန်လိုင်းမှာ အကျယ်တဝင့် ပျံ့နှံ့ခဲ့ပါတယ်။ 

အဆိုပါဓာတ်ပုံဟာ မူရင်းဓာတ်ပုံနဲ့ မကိုက်ညီဘဲ လူတွေရဲ့ ခံစားချက်ကို လှုံ့ဆော်ပြီး အွန်လိုင်းဆက်သွယ်မှုရအောင် AI ညာဏ်ရည်တုနည်းပညာနဲ့ ဖန်တီးထားတာဖြစ်တယ်၊ ဒါဟာ လူမှုကွန်ရက်မှာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်‌ပေါ်စေတယ်။ အခုလို မဟုတ်မမှန် ဓာတ်ပုံ ဖန်တီးတာဟာ  နည်းပညာဆိုင်ရာ ရာဇဝတ်မှုကိုပါ ချိုးဖောက်ရာရောက်တာကြောင့် ပြည်သူတွေအနေနဲ့ အဆိုပါ ဓာတ်ပုံတွေ ဆက်ပြီးမျှဝေတာတွေကို ရပ်တန့်ဖို့၊ ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးကွပ်ကဲမှုဌာန (ISOC) က ဇွန် ၁၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။

ပြည်သူလူထုအနေနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က  သတင်းအချက်အလက်တွေကို အသိဉာဏ်နဲ့ စဉ်းစားချင့်ချိန်ပြီးမှ လက်ခံတာ၊ ထပ်ဆင့်မျှဝေတာတွေလုပ်ဖို့ ISOC က မေတ္တာရပ်ခံထားပါတယ်။ 

အထူးသဖြင့် နိုင်ငံတော်ရဲ့  အဓိကမဏ္ဍိုင်အဖွဲ့အစည်းတွေနဲ့  သက်ဆိုင်တဲ့  အကြောင်းအရာတွေကို အစိုးရဌာနဆိုင်ရာတွေ၊ ဘုရင်နန်းတော် ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေဆီက သတင်းရင်းမြစ် မှန်ကန်မှု ရှိ၊ မရှိ အမြဲမပြတ် ကြိုတင်စစ်ဆေးသင့်တယ်။ ဒါဟာ သတင်းအမှား ပြန့်ပွားမှုကို တားဆီးဖို့၊ လူမှုပတ်ဝန်းကျင်အတွင်း ရှုပ်ထွေးမှုတွေကို လျှော့ချဖို့၊  အများပြည်သူအပေါ် တာဝန်သိစိတ်နဲ့ သတင်းအချက်အလက်ဆိုင်ရာ ခုခံကာကွယ်နိုင်စွမ်းကို အတူတကွ တည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြည်သူလူထုအား ထိခိုက်နစ်နာစေဖို့ ဒါမှမဟုတ် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့  မှားယွင်းသော၊ ပုံပျက်နေသော၊ အတုအယောင်ဖြစ်သော၊  အမှန်တကယ်မဟုတ်သော သတင်း အချက်အလက်တွေကို  ကွန်ပျူတာစနစ်တွင်း  ထည့်သွင်းတာ၊ ဖြန့်ဝေတာ ဒါမှမဟုတ် ထပ်ဆင့် မျှဝေတာဟာ ၂၀၀၇ ခုနှစ် ကွန်ပျူတာဆိုင်ရာ ပြစ်မှုအက်ဥပဒေနဲ့  ၂၀၁၇ ခုနှစ် ပြင်ဆင်ချက် ဥပဒေနဲ့ ငြိစွန်းတယ်လို့  ဆိုပါတယ်။

အများပြည်သူကို ထိခိုက်နစ်နာစေသော အချက်အလက်တွေ ကွန်ပျူတာစနစ်တွင်း ထည့်သွင်းပါက ပုဒ်မ ၁၄ /၁  အရ  ၅ နှစ်ထက်မပိုသော ထောင်ဒဏ်၊ ဘတ် ၁၀၀,၀၀၀  ထက်မပိုသော ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမှာပါ။

နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထုဘေးကင်းလုံခြုံရေးကို ထိခိုက်စေဖို့ ဒါမှမဟုတ် လူထုကြား ထိတ်လန့်တုန်လှုပ်မှု ဖြစ်စေတဲ့  မှားယွင်းတဲ့ ကွန်ပျူတာသတင်းအချက်အလက်တွေ  ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းပါက ပုဒ်မ ၁၄/၂ အရ  ၅ နှစ်ထက်မပိုသော ထောင်ဒဏ် ဒါမှမဟုတ်၊ ဘတ် ၁၀၀,၀၀၀ ထက်မပိုတဲ့  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

အထက်ပါ ပုဒ်မ ၁၄/၁ ဒါမှမဟုတ် ၁၄/၂ ပြဋ္ဌာန်းချက်အတိုင်း မှားယွင်းသော သတင်းအချက်အလက်တွေဖြစ်ကြောင်း သိပါလျက်  ထပ်ဆင့်ဖြန့်ဝေပါက အထက်ပါနည်းတူ  ပြစ်ဒဏ်ကျခံစေရမယ်လို့ ဆိုပါတယ်။ 

Source: Khaosod News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013