DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်ကို နေပြည်တော်ရှိ ယခင် ဖမ်းဆီးခံရဖူးသည့်နေရာသို့ ပြောင်းရွှေ့ထားဟု ခန့်မှန်း 
DVB
·
April 25, 2024
သမ္မတဦးဝင်းမြင့်ကို နေပြည်တော်ရှိ ယခင် ဖမ်းဆီးခံရဖူးသည့်နေရာသို့ ပြောင်းရွှေ့ထားဟု ခန့်မှန်း 
Donate to DVB

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်မပို့ခင် ယခင်ဖမ်းဆီးထိန်းသိမ်း ထားခဲ့ဖူးတဲ့ နေပြည်တော်ရှိ နေရာဟောင်းမှာ စစ်ကောင်စီကပြန်ပို့ထားတယ်လို့   အကျဉ်းထောင် အသိုက်အဝန်းနဲ့ နှံ့စပ်သူတဦးက ပြောပါတယ်။

အလားတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော်အချုပ်ထောင်မပို့ခင်က ထိန်းသိမ်းခဲ့တဲ့ လျှို့ဝှက်နေရာတခုမှာ ပြန်ပို့ထားတယ်လို့ သတင်းတွေထွက်နေသလို နေပြည်တော်အချုပ်ထောင်မှာပဲ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အချုပ်ထောင်ကို မပြောင်းခင်မှာ သူတို့ကိုထားခဲ့တဲ့ နေရာအသီးသီးမှာပဲ ပြန်ပြောင်းရွှေ့ထားတယ်လို့ သိပါတယ်။ ထောင်ဝင်စာကတော့ ပုံမှန်အားဖြင့် သူ့နေအိမ်မှာတော့ မပေးဘူးလေ။ များသောအားဖြင့် နေပြည်တော် အချုပ်ထောင်မှာပဲ ထောင်ဝင်စာပေးရမှာပေါ့။ ပြီးမှ အဲဒီကနေမှ သူ့သက်ဆိုင်တဲ့ သူတို့နေတဲ့နေရာကို စိစစ်ပြီးတော့ ပို့ပေးကြတယ်။ နဂိုကတည်းက အဲဒါတွေက အကျဉ်းထောင်စည်းကမ်းတွေမှာ ရှိပြီးသားလေ။ ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်ကနေမှ နေပြည်တော်ကို ပြောင်းရွှေ့လိုက်တယ်လို့တော့ သိတာပေါ့ဗျာ။ သူ့ကို မူလက ချုပ်နှောင်ထားတဲ့ နေရာပေါ့။ ဒုဝန်ကြီးအဆင့် နေအိမ်တလုံးမှာတော့ ပြောင်းရွှေ့ပေးပို့ထားပါတယ်” လို့ ပြောပါတယ်။

ရာသီဥတုပူပြင်းတာကြောင့်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၆ ရက်မှာ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝင်စာပေးပို့ရာမှာ နေပြည်တော် အချုပ်ထောင်ကိုသာ သွားခဲ့ရတဲ့အတွက် နေပြည်တော် အချုပ်ထောင်ထဲမှာပဲ ဆက်လက် အကျဉ်းချထားတယ်လို့ ယူဆမှုတွေ ရှိနေပေမဲ့ ပြောင်းရွှေ့ထားတဲ့ အပြင်နေရာမှာပဲဖြစ်ဖြစ်၊ အကျဉ်းထောင်ထဲမှာပဲဖြစ်ဖြစ် ထောင်ဝင်စာနဲ့ အစားအသောက်တွေ ပို့ဆောင်ရင် အကျဉ်းဦးစီးလက်စွဲအရ အကျဉ်းထောင်တွေဆီမှာ စစ်ဆေးမှုခံယူပြီးမှ အကျဉ်းသားတွေဆီကို လက်ဝယ်ရအောင် ပေးပို့တာဖြစ်ပါတယ်။

စစ်ကောင်စီက နေရာပြောင်းရွှေ့ထားတယ်လို့ ပြောဆိုခဲ့ပေမဲ့ ဘယ်နေရာမှာ ဆိုတာကိုတော့ လက်ရှိအချိန်အထိ အတည်ပြုချက် မပေးသေးပါဘူး။

ဦးခင်မောင်မြင့်က “အင်တာဗျူးကို အမျိုးအစား ၂ ခုပဲ ခွင့်ပြုထားတယ်။ တခုက မိသားစုဝင်၊ ခင်ပွန်း (သို့မဟုတ်) သားသမီး အရင်းအခြာ၊ သူက ဘာပါရမလဲဆိုတော့ ပုံစံ ၁၀ အိမ်ထောင်စုစာရင်း ပါရမယ်။ ပြီးရင် ရှေ့နေရှေ့ရပ်တွေ အင်တာဗျူး လူတွေ့ခွင့်ရှိတယ်။ လူတွေ့ခွင့်မရဘူးဆိုခဲ့ရင် စားသောက်စရာပစ္စည်းတွေပေါ့၊ အဲဒါ ထောင်ဝင်စာပစ္စည်းလို့ ခေါ်တာပေါ့။ အဲဒါတွေကို ကျနော်တို့က ပို့ပေးလို့ရတယ်၊ ပါဆယ်ပို့တယ်ခေါ်တာပေါ့နော်။ ဘယ်ကိုပို့ရမလဲဆိုရင် သက်ဆိုင်တဲ့ သူ့ရဲ့အိပ်ဆောင်မှာ ပို့ရတာမဟုတ်ဘူး။ သူက ပါဆယ်ဌာနမှာပို့ရတာ။ ပါဆယ်ဌာနကနေမှ ဥပဒေနဲ့ညီမညီ ပစ္စည်းတွေကို စိစစ်တယ်၊ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုမပို စိစစ်တယ်၊ ပြီးမှ အကျဉ်းထောင်ထဲသွင်းပြီးတော့ သက်ဆိုင်ရာ အကျဉ်းသား အချုပ်သားရဲ့ အိပ်ဆောင်တွေဆီကို သူတို့လက်ထဲရောက်အောင် ပို့ပေးရတာ။ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းမြင့်တို့ကို နေရာပြောင်းရွှေ့ခြင်းကတပိုင်း၊ သူတို့နဲ့သက်ဆိုင်တဲ့ ထောင်ဝင်စာပစ္စည်းတွေကို ပို့တဲ့အပိုင်းက တပိုင်း။ ပါဆယ်ပို့တာကတော့ နေပြည်တော်အချုပ်ထောင်မှာပဲ သူတို့ပို့ရပါလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ပြောင်းပြီး ချုပ်ထားတယ်ဆိုတာ စစ်ကောင်စီက အတည်မပြုသေးသလို ရှေ့နေအဖွဲ့နဲ့လည်း လူချင်း တွေ့ခွင့်မရသေးပါဘူး။

၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့က နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အချိန် ၁ နှစ်နဲ့ ၄ လနီးပါး အဆက်အသွယ် ပြတ်နေခဲ့တာပါ။ နောက်ဆုံးခန့်မှန်းချက်တွေအရ နေပြည်တော်အချုပ်ထောင်ထဲမှာပဲ ရှိနေဦးမယ်လို့ ဆိုကြပေမဲ့ ဒါကလည်း ခိုင်လုံတဲ့သက်သေ မရှိပါဘူး။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “ကျနော်လည်း အခုမေးနေတယ်။ ကျနော်မေးထားတာလည်း သူတို့ အကြောင်းမပြန်သေးလို့။ သိထားတာတော့ နေပြည်တော် အချုပ်ထောင်မှာပဲ ရှိသေးတယ်၊ ကျနော်တို့ သေချာမသိရသေးလို့ပါ” လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၇ ရက်မှာ စစ်ကောင်စီကို တောင်းဆို တိုက်တွန်းထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့်နေအိမ်ကို ပြောင်းထားမယ်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပြောင်းထားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ တကယ်တမ်းတော့ တခုမှ ဖြစ်မလာပါဘူး။

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ ၁၄ ခုနဲ့ တဖက်သတ်စွပ်စွဲပြီး  ထောင်ဒဏ် ၂၇ နှစ် ချမှတ်ကာ နေပြည်တော်အချုပ်ထောင် အခန်းကျဉ်းထဲမှာ ဖမ်းဆီးအကျဉ်းချထားပါတယ်။

အသက် ၇၂ နှစ်အရွယ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ စစ်ကောင်စီက တောင်ငူထောင်မှာ ထိန်းသိမ်းခဲ့ပြီး ပုဒ်မ ၆ ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013