DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ရေစကြိုနှင့်မိုးမောက် ပြည်သူများကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေ
DVB
·
April 24, 2024
စစ်တပ်က ရေစကြိုနှင့်မိုးမောက် ပြည်သူများကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို ဖမ်းဆီးပြီး ခြေလျင်စစ်ကြောင်းမှာ ခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ ဧပြီ ၂၄ ရက်၊ မနက်အစောပိုင်းက ရေစကြိုနယ်၊ ကျောက်လှေကားရွာကို စစ်သား ၆၀ လောက်နဲ့ စစ်ကား ၂ စီးဝင်လာပြီး ပဒိုင်းခြုံ၊ ကျောက်လှေကားရွာတွေက ဒေသခံ ၃၀ လောက်ဖမ်းသွားပြီး ပေါင်လောင်နဲ့ မောဂ္ဂလန်ရွာတွေကို ဝင်ပြီးတော့လည်း ရွာသားတွေကို ဖမ်းသွားသေးတယ်။ အဲဒီရွာတွေကလည်း ၂၀ လောက်ရှိမယ်ဗျ” လို့ အမည်မဖော်လိုတဲ့ မျက်မြင်ဒေသခံတဦးက DVB ကို ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို ရေစကြိုတောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ ​ခြေလျင်စစ်ကြောင်းဆီ ခေါ်ဆောင်သွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေစကြိုဒေသခံ ပြည်သူတဦးက “ပြီးခဲ့တဲ့ ၂၁ ရက်နေ့က မနက်ပိုင်းက ပေါက်တောရွာက ကိုရဲမင်းအောင်ကို ဖမ်းသွားတယ်။ ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာ အခုထိ စုံစမ်းလို့မရသေးဘူး။ သူ့မိသားစုဝင်တွေလည်း အဆက်အသွယ်မရလို့ စိတ်ပူနေကြတယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်က မတရားဖမ်းဆီးသွားတဲ့ ကိုရဲမင်းအောင်ဟာ ပေါက်တောကျေးရွာမှာ နေထိုင်ပြီး လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူဖြစ်ကာ ရေစကြိုမြို့ပေါ်ကို စျေးဝယ်လာရင်း မတရားဖမ်းဆီးခံလိုက်ရတာလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧပြီ ၂၂ ရက် မနက်စောစော ၃ နာရီဝန်းကျင်ကလည်း ရေစကြိုမြို့၊ အမှတ် ၁၊ ထင်းတန်းရပ်ကွက်က နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတဦးကို ဖမ်းဆီးသွား​ပြီး ဒီနေ့ထိ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ရေစကြိုမြို့နယ်မှ နိုင်ငံရေးသမားတဦးက “ကျနော်တို့မြို့နယ်ဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့ အားလျော်စွာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း သူတို့သံသယရှိတဲ့ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေ ပြုလုပ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အစစအရာရာ သတိဝီရိယကြီးစွာ နေထိုင်သွားလာသင့်တယ်။ အခုကို ပြည်သူ ၃၀ ဝန်းကျင်ကို ရုံးပေါင်းစုံထဲမှာ ဖမ်းထားတယ်” လို့ သုံးသပ်ပြောပါတယ်။

ဧပြီ ၂၁ ရက် ညနေမှာလည်း စစ်ကောင်စီတပ်သားတွေဟာ ပေကုန်းကျေးရွာနဲ့ ပညင်းကျေးရွာ အနီးဝန်းကျင် ကားလမ်းတလျှောက် သွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို အစစ်အဆေးမရှိဘဲ ၂၅၈ တပ်ထဲ မောင်းသွင်းခိုင်းပြီး ဖမ်းဆီးခံရသူ အနည်းငယ်သာ ပြန်လွှတ်ပေးပြီး ကျန်နေတဲ့သူတွေကတော့ မိသားစုနဲ့ အဆက်အသွယ်မရ​သေးဘူးလို့ ဒေသခံတွေက ဆီက သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာလည်း ဧပြီ ၂၃ ရက်က စစ်ကောင်စီတပ်က မြို့ခံ ၁၀ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး KBC/RC ဘုရားကျောင်း၊ မိုးမောက် အထကကျောင်းနဲ့ ပြည်သူ့ဆေးရုံဝင်းတွေထဲမှာ တပ်စွဲနေထိုင်ထားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသူတဦးက “တိုက်ပွဲဖြစ်ကတည်းက တွေ့သမျှ ယောက်ျားလေးတွေကို ဖမ်းဆီး ဓားစာခံခေါ်သွားကြတာပါ။ မံပုံရွာနားက ခမရ ၄၃၇ တပ်နဲ့ ၄ မိုင်ဘက်က စစ်တပ်က စစ်သားတွေပါ။ အခုချိန်အထိ မလွှတ်ပေးသေးပါဘူး။ ခါနန်ရပ်ကွက်ရယ်၊ ကြေးနန်းရပ်ကွက် အလင်းကောင်ရပ်က လူငယ်တွေရော ပါသွားတယ်။ ပြီးတော့ သေနတ်နဲ့ပစ်ရင်း လမ်းသွားလမ်းလာတွေကို စစ်သားတွေက မိုးမောက်မြို့ကို KIA/KPDF တွေတိုက်ရင် မြို့ကို ဖျက်ဆီးပစ်မယ်လို့လည်း ကြိမ်းဝါးနေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်စွဲနေထိုင်ရုံမဟုတ်ဘဲ ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ပစ္စည်းတွေကိုလည်း ခိုးယူနေကြကာ ဧပြီ ၂၄ ရက် မနက်ကနေ မွန်းလွဲပိုင်းထိ ဗန်းမော်မြို့က အမတ ၃၆၆ တပ်ကနေ ဝဝမ်တောင်ကြောနဲ့ လုံဆာ(ဂျာ)တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ လှမ်းထုနေကြပါသေးတယ်။

မိုးမောက်မြို့ထဲကို ဧပြီ ၂၂ ရက် မနက်ပိုင်းက ခမရ ၄၃၇ တပ်နဲ့ ဗန်းမော် ၄ မိုင်ဘက်က ထောက်ပို့တပ်၊ GE တပ်တို့ ဝင်ရောက်လာတာကြောင့် KIA တပ်ရင်း ၁၅၊ KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီးတဦး သေဆုံးခဲ့ရကာ ကလေးတဦး အပါအဝင် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့​တယ်လို့ သိရပါတယ်။

Photo ဒေသသတင်းရင်းမြစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013