DVB Logo
Home
မြန်မာသတင်း
ပြည်၊ ကျိုက်ထိုနှင့် အောင်လံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရ
DVB
·
April 24, 2024
ပြည်၊ ကျိုက်ထိုနှင့် အောင်လံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နဲ့ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ရွှေမြောင်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ကို၀င်းကြိုင် ဟာ ဧပြီ ၂၃ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အမည်မဖော်လိုတဲ့ ဒေသခံတဦးက “သူက ပြည်ခိုင်ဖြိုးကလေ။ စစ်တပ်က အာဏာသိမ်းပြီး တော့မှ အုပ်ကြီးဖြစ်လာတာ။ စစ်မှုထမ်းဖို့ လူခေါ်တာတွေ။ ငွေတောင်းတာတွေကတော့ တအားပဲ။ သေတာပဲ ကောင်းတယ်။ နောက်ကျတောင်နေသေးတယ်။”

အဆိုပါပစ်ခတ်မှုကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၂ တပ်ရင်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်းရဲ့ တာ၀န်ခံတဦးက  “ကျနော်တို့အနေနဲ့က သတင်းအချက်အလက်တွေကို အရင်စုံစမ်းပြီးမှ ဆောင်ရွက်ကြတာပါ။ ဒီလူက ရွာပြည်သူတွေအပေါ်မှာ ဆိုးလွန်းလို့ လုပ်လိုက်ရတာပါ” လို့ ပြောဆိုပါတယ်။

ဧပြီ ၂၃ ရက် မနက်ပိုင်း ၁၀ နာရီခွဲ၀န်းကျင်က ဖောင်တင်ကျေးရွာနားက လမ်းပေါ်မှာ သေနတ်နဲ့ ၃ ချက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ၎င်းကဆက်လက်ပြောပြပါတယ်။

သေဆုံးသူ ရွှေမြောင်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ကို၀င်းကြိုင် ရဲ့ရုပ်အလောင်းကို စစ်ကောင်စီတပ်တွေက သယ်ဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဧပြီ ၂၃ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုထွေအုပ်ရုံးကပြန်လာတဲ့ ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကို ဧပြီ ၂၃ ရက် ညနေ ၆ နာရီလောက်က ကော့ထင်းရွာအဝင် ငပိရုံနဲ့ကြက်ခြံတွေအရှေ့မှာ သေနတ်သမား ၂ ဦးက သေနတ်နဲ့ ၈ ချက်ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဟာ သေနတ်ကိုင်ဆောင်ထားတဲ့အပြင် ရွားသားတွေဆီ ကလည်း နည်းမျိုးစုံ နဲ့ ငွေကြေးတောင်းခံနေတယ်လို့ ကော့ထင်းရွာသားတဦးက ပြောပါတယ်။

“ဦးဝင်းက ရွာထဲမှာသေနတ်ကိုင်ထားပြီး ရွာသားတွေထဲက ပိုက်ဆံမျိုးစုံကောက်တယ်။ မြေတွေနဲ့ ပတ်သက်ပြီးတော့ အခွန်မျိုးစုံကောက်သလို ရွာကမီတာခကောက်ပြီး ရုံးမှာမသွင်းပေးလို့ တရွာလုံး ထပ်ဆောင်လိုက်ရတယ်။ သူ့သားကလည်း စစ်ဗိုလ်ဆိုတော့ ထင်တိုင်းကြဲနေတာ။ စစ်မှုထမ်းကိစ္စမှာလည်း ရွာမှာသူပဲဦးဆောင်လုပ်တာ။ သူ့ကို PDF နှစ်ဦးက ရွာအဝင် ငပိရုံမှာပဲ သေနတ်နဲ့ပစ်တာ နေရာမှာပဲသေသွားတယ်။”

ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူးကို ကျိုက်ထိုမြို့ရှိ လူမှုကူ‌ညီရေးအသင်းတခုက ကျိုက်ထို ဆေးရုံရင်ခွင်ရုံကို ပို့ဆောင်ခဲ့ပြီး ည ၇ နာရီခန့်မှာ ကော့ထင်းကျေးရွာ ရှိနေအိမ်ကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကော့ထင်းကျေးရွာအုပ်ကြီး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက လာရောက် စစ်ဆေးတာမရှိပေမဲ့ ည ၈ နာရီကျော်မှာ စစ်ကောင်စီကား ၂ စီးက ကော့ထင်းကျေးရွာကနေ ကျိုက္ကသာကျေးရွာအထိ လမ်းတလျှောက်လုံး သေနတ်ပစ်ဖောက်ပြီး ဆဲဆိုသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ထင်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာလည်း ‌ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ လှံတင်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသိန်း ဟာ သူ့ရဲ့နေအိမ်မှာ ဧပြီ ၂၂ ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “အုပ်ချုပ်ရေးမှူး အိမ်မှာရှိနေတုန်း ဆိုင်ကယ် ၁၀ စီးလောက်နဲ့ လူ ၂၀ လောက်တော့ ရှိမယ်ထင်တယ်။ လာပစ်သွားတာပဲ။ ကျည်ဆန် ၂ ချက် ထိတယ်။ ပွဲချင်းပြီးသေတာပါပဲ” လို့ ပြောပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးအေးသိန်းဟာ စစ်ကောင်စီက မတရားပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အင်တိုက်အားတိုက် ဆောင်ရွက်နေသူတဦး ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးအေးသိန်း သေဆုံးပြီး နာရီပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာခံအချို့ကို ခေါ်ယူမေးမြန်းတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခုပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဆောင်ရွက်ခဲ့တယ်ဆိုတာ ထုတ်ပြန်ကြေညာထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ထဲက ထောက်ကြံ့ ကွင်းကျေးရွာနဲ့ ဆတ်သွားကျေးရွာက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၀င်တွေ ဆက်တိုက် ပစ်သတ်ခံရတယ်တို့ မြို့ခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ တိုက်ပွဲတွေမှာ ကျဆုံးနေတဲ့ စစ်သည်အင်အားကို ပြန်လည်ဖြည့်တင်းဖို့ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို မလိုက်နာဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကြေညာချက်တွေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးနေတဲ့သူတွေဟာ နေ့စဥ်နဲ့အမျှ သေဆုံးနေတာကို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013