DVB Logo
Home
မြန်မာသတင်း
နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ၊ ရွှေဘို ချီပါတံတားအနီး တိုက်ပွဲဖြစ်
DVB
·
April 19, 2024
နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ၊ ရွှေဘို ချီပါတံတားအနီး တိုက်ပွဲဖြစ်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နမ့်ပေါင်လေတပ်စခန်းကို People Defence Force -NBPDF က ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

People Defence Force - NBPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ပြည်သူတွေအပေါ်မှာ ရက်စက်ယုတ်မာလွန်းတဲ့ လေတပ်စခန်းရဲ့ အနီးကပ်ဆုံး စစ်ကောင်စီနယ်မြေဖြစ်တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်းအတွင်းထဲအထိ ဝင်ပြီး ရှော့တိုက်ဒုံး ၁၀၇ မမ ၁၀ လုံးနဲ့ အတွဲလိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” လို့ DVB ကို အတည်ပြုပြောပါတယ်။

NBPDF က မြစ်ကြီးနား၊ နမ့်ပေါင်လေတပ်စခန်းကို ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ NBPDF ရဲဘော်တဦးက ပြောပါတယ်။

“စစ်ကောင်စီလေတပ်ဘက်က သေဆုံး ဒဏ်ရာရ ပျက်စီးတာတွေကတော့ စုံစမ်းနေတုန်း ရှိပါသေးတယ်။ ကျနော်တို့ အခုမစ်ရှင်မှာ ပါဝင်ခဲ့ကြတဲ့ ရဲဘော်တွေအားလုံး ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံတဲ့ နေရာကို ပြန်ရောက်ပါပြီ။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်ကလည်း အဆိုပါ လေတပ်စခန်းကို NBPDF က ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဂျက်ဖိုက်တာ ၂ စီး၊ လေတပ်စခန်း ဆက်သွယ်ရေးတာဝါတိုင် အပါအဝင် တိုက်လေယာဉ် စက်ပြင်ဂိုဒေါင်တွေနဲ့ လိုင်းခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Freedom Revolution Force – FRF ကလည်း ဧပြီ ၁၇ ရက်နေ့မှာ မန္တလေး တံတားဦးလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ ၉၀ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လေယာဥ်ဂိုဒေါင်နဲ့ ဂျက်ဖိုက်တာ ၆ စီး ထိမှန် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတံတားအနီး ဧပြီ ၁၈ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။

“သူတို့က ရွှေဘိုဘက်ကနေ ၁၂ ဘီးကားတစီး၊ အိမ်စီးကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာတာဗျ။ ကျနော်တို့ ချီပါရွာအနီးတံတားမှာ တိုက်ပွဲဖြစ်တာ။ အသေအပျောက်ကတော့ မသိရဘူး။ ကျနော်တို့ ပြည်သူတွေကတော့ ထုံးစံအတိုင်းပဲ စစ်ကောင်စီ စစ်ကြောင်းလာရင် ထွက်ပြေးရတာပဲဗျ။ ပစ်သံ၊ ခတ်သံတွေကတော့ ဆူညံနေအောင် ကြားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲကို BNRA ရဲ့ ဒရုန်းတပ်ရင်း “Project Flight” မှ ဦးဆောင်ကာ ရွှေဘို UG အဖွဲ့၊ မဟူရာ ရွှေဘို Local အဖွဲ့၊ ရောင်နီအဖွဲ့၊ ရွှေဘိုအားမာန်အဖွဲ့၊ တကောင်ဖွား ရှားထူးဝေါ နည်းပညာအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မနက်ခင်း ၅ နာရီက စထွက်လာတာကို ကြိုသိလို့ ကျနော်တို့ တံတားအနီးကနေ ကြိုတင်ပြင်ဆင်ပြီး စောင့်တိုက်ခဲ့တာဗျ။ တိုက်ပွဲက ၁၁ နာရီကစဖြစ်တယ်။ ၁ နာရီခွဲအချိန်အထိ ကြတော့ တိုက်ပွဲပြီးသွားတယ်။ အသေအပျောက်ကတော့ ကိုယ့်ဘက်က မရှိဘူး။ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကတော့ ရှိနိုင်တယ်လို့ ခန့်မှန်းရတယ်” လို့ BNRA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကြီးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူတွေ ဧပြီ ၁၉ ရက် ဒီနေ့အထိ နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013