DVB Logo
Home
မြန်မာသတင်း
ဆီဒိုးနားဟိုတယ် Safe House သင်္ကြန်ပါတီပွဲသွားသူအချို့ ရေနှင့်လက်ပတ်ကြောင့် အရေပြား အနာဖြစ်
DVB
·
April 19, 2024
ဆီဒိုးနားဟိုတယ် Safe House သင်္ကြန်ပါတီပွဲသွားသူအချို့ ရေနှင့်လက်ပတ်ကြောင့် အရေပြား အနာဖြစ်
Donate to DVB

ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ Safe House – Yangon က ပြုလုပ်ခဲ့တဲ့ “Lost in the Jungle” သင်္ကြန်သီးသန့်ပါတီပွဲကို သွားရောက်ခဲ့ကြသူတွေ သင်္ကြန်အပြီးမှာ ရေနဲ့ လက်ပတ်ကြောင့် လူတော်တော်များများ အရေပြားမှာ ဓာတ်မတည့်မှုတွေ ခံစားခဲ့ရပါတယ်။

ဓာတ်မတည့်မှုကြောင့် လက်ကောက်ဝတ်မှာ ဒဏ်ရာရပြီး အနာရောင်ရမ်းသူတွေကို အရေပြားဆရာဝန်နဲ့ ပြသပေးတာ၊ ဒါမှမဟုတ် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူတွေကို ဆေးဖိုးဝါးခ ပြန်ပေးသွားမယ်လို့ ပွဲစီစဉ်သူတွေက ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၄ ရက်ကနေ ၁၆ ရက်အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ အဲဒီပွဲမှာ ရက်အလိုက် VIP Table တဝိုင်းကို အနိမ့်ဆုံး ကျပ် ၄ သိန်းကနေ ၆ သိန်း၊ ၈ သိန်း၊ ၉ သိန်းနဲ့ အမြင့်ဆုံး ၁၅ သိန်းလောက်အထိ ဈေးနှုန်းရှိခဲ့ပြီး နာမည်ကြီး ဒီဂျေတွေနဲ့ ဆီဒိုးနား ရေကူးကန်မှာ သီးသန့် သင်္ကြန်ပါတီပွဲ ပြုလုပ်ခဲ့တာပါ။

ပွဲတက်ရောက်ခဲ့သူတွေရဲ့ မိတ်ဆွေတဦးက “ပွဲပြီးတော့ အဲ့ပွဲသွားတဲ့သူတွေလက်မှာ Allergic (ဓာတ်မတည့်မှု) ဖြစ်ကြတာ။ ဘာမှ တာဝန်ယူပေးတာ မကြားဘူး။ ရေကြောင့်ဖြစ်တယ်ပဲ ဇွတ်ငြင်းနေတာ။ အကုန်လုံးက လက်ပတ်ကြောင့်ဖြစ်တာ” လို့ DVB ကို ပြောပါတယ်။

Safe House Yangon ဘက်ကတော့ “ဒီကိစ္စက လူတိုင်းရဲ့လက်ပတ်မှာ ဖြစ်တာမဟုတ်ဘဲ လုံခြုံရေးအရ လက်ပတ်တွေကို အရောင်ခွဲထားပြီး တချို့လက်ပတ်တွေမှာ ဓာတ်မတည့်တဲ့သူတွေ အနည်းအများ ဖြစ်ကြတာကို တွေ့ရကြောင်း၊ လက်ပတ်ရဲ့ ဆေးသားကြောင့်နဲ့ တနေကုန် ရေထိထားလို့ အသားက နူးနေတာကြောင့် ပေါင်းစပ်ပြီးဖြစ်တာလို့ ကနဦး ယူဆရကြောင်း” ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး ဆရာဝန်ရဲ့ ယူဆချက်နဲ့ လက်ပတ်တင်သွင်းသူတွေရဲ့ ဓာတ်ခွဲခန်းရလဒ်ကို တောင်းခံထားပြီးတော့ ဆီဒိုးနားဟိုတယ်မှာ အရေပြားဆရာဝန်တဦးနဲ့ ဒဏ်ရာရသူတွေကို ကြည့်ရှုပေးဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဆေးခန်းပြဖို့ အဆင်မပြေသူတွေအတွက် လိမ်းရမယ့်လိမ်းဆေးကို Safe House Yangon ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ပေးသွားမယ်ဆိုပြီး အခုလိုဖြစ်သွားတဲ့ ဖြစ်စဉ်အပေါ် စိတ်မကောင်းကြောင်း ပြောဆိုထားပါတယ်။

သင်္ကြန်ပွဲမှာ ဆင်နွှဲခဲ့သူတဦးက “သင်္ကြန်ကိုမကဲတာ လူတွေက နှစ်တွေကြာပြီဆိုတော့ ဒါကို အပြစ်တော့ မမြင်စေချင်ဘူး။ ဘာလို့လဲဆိုတော့ လူတွေက ကြာလာပြီဆိုတော့ နေ့တိုင်း စိတ်ညစ်နေတာနဲ့ နိုင်ငံရေးမကောင်းတော့ စိတ်ထွက်ပေါက်တခုအနေနဲ့ ကဲလိုက်တာကိုတော့ အပြစ်လို့တော့ မမြင်စေချင်ဘူး” လို့ ပြောပါတယ်။

ဒီပွဲဟာ ပိုက်ဆံသုံးနိုင်တဲ့ ရေပေါ်ဆီ အသိုင်းအဝိုင်းတွေပဲသွားတဲ့ သီးသန့်သင်္ကြန်ပါတီပွဲ ဖြစ်တာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013