DVB Logo
Home
နိုင်ငံတကာ
မဲဆန္ဒရှင် ၁ ဘီလီယံနီးပါး မဲပေးကြမည့် အိန္ဒိယ အထွေထွေရွေးကောက်ပွဲ စတင်
DVB
·
April 19, 2024
မဲဆန္ဒရှင် ၁ ဘီလီယံနီးပါး မဲပေးကြမည့် အိန္ဒိယ အထွေထွေရွေးကောက်ပွဲ စတင်
Donate to DVB

ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံတဝန်းမှာ ကမ္ဘာ့အကြီးဆုံး အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက် ဒီနေ့မနက် စတင်ကျင်းပနေပြီး သက်ဆိုင်ရာ မဲရုံတွေမှာ သန်းနဲ့ချီတဲ့ အိန္ဒိယပြည်သူတွေ ဆန္ဒမဲပေးနေကြပါတယ်။

ဒီရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၅၄၃ ဦးကို ရွေးကောက်တင်မြှောက်ဖို့ အရည်အချင်းပြည့်မီတဲ့ မဲဆန္ဒရှင် လူဦးရေ တစ်ဘီလီယံနီးပါးက အဆင့်ဆင့် ဆန္ဒမဲပေးနေကြတာ ဖြစ်ပါတယ်။

တတိယအကြိမ်သက်တမ်းအတွက် ထပ်မံရွေးကောက်ခံရဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ၊ အဓိကအတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဒီနဲ့ ပရီယန်ကာဂန္ဒီတို့ကတော့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေကို ဧပြီ ၁၇ ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။

ဧပြီ ၁၉ ရက်နေ့ ပထမအကြော့ မဲပေးချိန်ကစပြီး ဇွန် ၄ ရက် နောက်ဆုံးမဲရလဒ်ကို ကြေညာချိန်အထိ  အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ဟာ သီတင်းပတ် ၆ ပတ်ကျော် ကြာမှာပါ။

နိုင်ငံရဲ့ အရွယ်အစားနဲ့ ရွေးကောက်တင်မြှောက်သူ အရေအတွက် များတာဟာ အိန္ဒိယ ရွေးကောက်ပွဲ ကြာမြင့်ရခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

ဇွန် ၄ ရက်မှာ မဲရလဒ်တွေကို ကြေညာချိန်မှာ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ ဘာရတ်တီယာ ဂျန်နာတာပါတီ (BJP) အတွက် လွယ်ကူတဲ့အောင်ပွဲရမယ်လို့ ရွေးကောက်ပွဲအကြို သဘောထားစစ်တမ်းတွေက ခန့်မှန်း ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ အရှေ့ဘက်စွန်းမှာ သေးငယ်ပြီး အကြမ်းဖက်မှုဒဏ် ခံနေရတဲ့ မဏိပူရပြည်နယ်ရဲ့ လမ်းတွေပေါ်မှာတော့ အကြမ်းဖက်မှုတွေကို ကြောက်နေလို့ မဲဆွယ်ပွဲတွေ မှေးမှိန်ခဲ့ရပါတယ်။

မဏိပူရနဲ့ တခြားဒေသတချို့မှာ သောကြာနေ့ကစတဲ့ ခုနစ်ဆင့် ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးနိုင်ပေမဲ့ အကြမ်းဖက်မှုကို ကြောက်လို့ မဲဆွယ်စည်းရုံးရေး အစည်းအဝေးတွေကို တံခါးပိတ် ကျင်းပနေရပါတယ်။

မင်းမဲ့စရိုက်နဲ့ ပြည်တွင်းစစ် ရောနှောနေတာကို အဆုံးသတ်ဖို့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့  အစိုးရက မစွမ်းဆောင်နိုင်တဲ့အပေါ် ကျယ်ကျယ်ပြန့်ပြန့် စိတ်ပျက်မိတယ်လို့ ဒေသခံတွေက ဝေဖန် ပြောနေကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013