DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် လူသုံးကုန်ပစ္စည်းပြတ်တောက် ကုန်ဈေးနှုန်းတက်၊ ငပလီတွင် ဧည့်သည်နည်းပါး
DVB
·
April 17, 2024
သံတွဲတွင် လူသုံးကုန်ပစ္စည်းပြတ်တောက် ကုန်ဈေးနှုန်းတက်၊ ငပလီတွင် ဧည့်သည်နည်းပါး
Donate to DVB

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့မှာ  လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက် ခံထားရတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ငပလီကမ်းခြေမှာလည်း သင်္ကြန်ကာလ ဧည့်သည်အနည်းငယ်သာရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပြန်ကျော့ပြန်တိုက်ပွဲတွေက ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကတည်းက စတင်နေခဲ့တာဖြစ်ပြီး မြောက်ပိုင်းဒေသတွေမှာတော့ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်နေခဲ့တာပါ။

ဒီဇင်ဘာလအတွင်းမှာတော့ တောင်ပိုင်းဒေသတွေအထိ တိုက်ပွဲတွေ ရောက်ရှိလာပြီး စစ်ရှုံးလာတဲ့ စစ်ကောင်စီက ဒေသတွင်းလမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် သံတွဲမြို့မှာ အထွေထွေသုံးပစ္စည်းတွေ ပြတ်တောက်နေကာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာလို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

“အထွေထွေ အားလုံးဈေးကြီးတယ်။ ဆေးတွေလည်း သယ်လို့မရ၊ အထွေထွေဆိုတာ ဒိုက်ဘာတို့ ဂွမ်းထုပ်တို့၊ အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်တို့ အကုန်ပိတ်ထားတယ်။ လူသုံးကုန် တော်တော်များများ ပိတ်ထားတယ်။ ပီနံအိတ်ပါ ပိတ်တယ်။ စက်သုံးဆီ ဆိုတာကလည်း မှောင်ခိုဈေးပဲပေါ့။ ဆိုင်ကြီးတွေ အကုန်ပိတ်ထားရတော့။ အခုက အားလုံးတက်တယ်။ ဒီဒေသကမထွက်တဲ့ ပစ္စည်းတွေ အားလုံး ဈေးတက်တယ်။”

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် ၁၂ ပြည် တအိတ်ကို ကျပ် ၆၅၀၀၊ ပဲဆီတပိဿာကို ၁၈၀၀၀ ကျပ်နဲ့ ရိုးရိုးစားဆီတပိဿာ ကျပ် ၁၀၀၀၀ ကျော် ပေးဝယ်နေရတယ်လို့သိရပါတယ်။ ကိုလာဘူးသေးတဘူးကို  ၂၅၀၀ ကျပ်၊ Royal D ဓာတ်ဆားတဘူးကို ကျပ် ၃၀၀ ကျပ်ပေးရတာလို့ဆိုပါတယ်။

ရခိုင်ဒေသထွက် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကတော့ ဈေးနှုန်း အနည်းငယ်ပဲ တက်တယ်လို့  ဒေသခံတွေက ပြောပါတယ်၊

ဒါ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရဲ့ အထင်ကရ ငပလီကမ်းခြေမှာဆိုရင်လည်း ပြည်တွင်းခရီးသွား ဧည့်သည် အနည်းငယ်လောက်သာ သင်္ကြန်ကာလဖြစ်လို့ လာရောက်တည်းခိုကြတယ်လို့ သိရပါတယ်။

ပုံမှန်အချိန်တွေဆို ဟိုတည်နဲ့ တည်းခိုခန်းတွေက ပိတ်ထားရပြီး ဝန်ထမ်းတွေကိုလည်း လစာတွေ မပေးနိုင်ဘူးလို့ ဟိုတယ်မှာ အလုပ်လုပ်ကိုင်တဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။

“အခုကာလက ဟိုတယ်တွေလည်း ဖွင့်ပါတယ်။ ဧည့်သည်လည်း ရှိတယ်။ နည်းသွားတာ တခုပဲ။ ကားလမ်းတွေက ပိတ်ထားတယ်။ လေကြောင်းနဲ့က ဖွင့်တယ်လေ။ အဆင်ပြေတဲ့လူလောက်ပဲ လာကြတာ။ ဟိုတယ်တွေက ဧည့်သည်မလာရင်တော့ ပိတ်တယ်။ အဓိကက ဆီပြတ်တယ်၊ ဆီဈေးတွေ ကြီးတယ်၊  မီးကလည်း ပုံမှန်မလာဘူးလေ၊ ဈေးတွေက နှစ်ပြန်တက်တာ၊ ဟိုတယ်တွေ ပိတ်ရင်တော့ ဝန်ထမ်းတွေကိုလည်း လစာမပေးဘူး။”

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေက တလကျော်အကြာမှာ ရခိုင်တောင်ပိုင်းကို ရမ်းဗြဲ၊ တောင်ကုတ်နဲ့ ကျောက်ဖြူဘက်မှာပါ တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ သံတွဲမြို့အနီးက သံတွဲ-တောင်ကုတ်ကားလမ်းမပေါ်က ကျေးရွာတွေမှာပါ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။ 

လက်နက်ချ အညံ့မခံသေးတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ပြီး လက်ကျန်စခန်းတိုင်းကို တခုမကျန် ဆက်လက်ထိုးစစ်ဆင်မယ်လို့ AA က ဧပြီ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။

ဝေဝေ / ဓာတ်ပုံ - စစ်ကောင်စီက ရခိုင်ပြည်နယ် လမ်းပိတ်ဆို့စဉ် ယခင်ပုံဟောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013