DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ဆေးဖက်လည်းဝင် ကနစိုးပင်
DVB
·
April 17, 2024
နွေဦးပြည်သူတို့အတွက် ဆေးဖက်လည်းဝင် ကနစိုးပင်
Donate to DVB

တော်လှန်ခရီး လေစုန်နှင်နှင့်ပြီ။ ပန်းဝင်ဖို့အချိန်လည်း တဖြည်းဖြည်း နီးသထက်နီးလာပြီ။ ဖက်ဆစ်စစ်မိစ္ဆာကလည်း ဆိုးသဆိုး တိုးတိုးပြီး ယုတ်မာဆဲမို့ နွေဦးပြည်သူတို့ တော်လှန်ခရီးမှာ  မဆုတ်မနစ် ဇွဲသတ္တိနဲ့ သတိရှိရှိ ရုန်းကန်တွန်းလှန်ကြရဦးမည်။ ငါတို့မှာ ငါတို့ပဲရှိ၊ ပြည်သူအချင်းချင်း လက်ချင်းချိတ်ရင်း ရှေ့သို့ချီ လက်လှမ်းမီဆေးပညာကလည်း အဖော်အဖြစ် အတူရှိနေပါဦးမည်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဆေးဖက်လည်းဝင် ကနစိုပင်အကြောင်းကို ရေးသားတင်ပြသွားပါမယ်။

ကနစိုးပင်ကို သိပ္ပံလို Baccaurea ramiflora လို့ခေါ်ပြီး အင်္ဂလိပ်လို Burmese grape လို့ ခေါ်ပါတယ်။

ကနစိုးပင်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ဗီတာမင်စီနဲ့ သတ္တုဓာတ်များ၊ alkaloid, flavonoid, anthocyanin, carotenoid, tannin, phytosterol, saponin, phenolic compound, steroid, rosmarinic acid,Anthocyanin, Carotenoid စတဲ့ ကျန်းမာရေးအကျိုးပြု ဇီဝဓာတ်ပေါင်းများစွာ ပါဝင်ပြီး အကိုက်အခဲပျောက်ဆေး အာနိသင်၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေးအာနိသင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဆန့်ကျင်အာနိသင်၊ သွေးကြောများ မာတောင့်ခြင်းကို လျော့ပါးစေခြင်း၊ ကင်ဆာရောဂါ ဆန့်ကျင်ခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီကျစေခြင်း၊ အာရုံကြောစွမ်းအား တိုးစေခြင်း၊ သွေးကြောပိတ်ရောဂါ ဟန့်တားခြင်း စတဲ့ အစွမ်းသတ္တိများ ရှိပါတယ်။

အသီးပျော့ဖတ်နဲ့ အစေ့များ flavonoid, steroid နဲ့ triterpene စတဲ့ ဇီဝဗေဒဆိုင်ရာ ဓာတ်ပေါင်းများ ပါဝင်လို့ ရောင်ရမ်းမှုကို လျော့ပါးစေပြီး အကိုက်အခဲပျောက်ဆေး အာနိသင်နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိများ ပါဝင်ပါတယ်။

ကနစိုးပင်ရဲ့ အသီး၊ အစေ့၊ အရွက်၊ အမြစ်နဲ့ အခေါက်တို့ကို ဆေးဘက်ဆိုင်ရာမှာ သုံးစွဲကြပါတယ်။

ကနစိုးသီးမှာ ဗီတာမင်စီ ပါဝင်တာကြောင့် ကနစိုသီးဖျော်ရည် သောက်သုံးခြင်းဟာ အဆီကျစေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။

ကနစိုးသီးမှာ ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် ကနစိုးသီးကို မကြာခဏ စားသုံးခြင်းက အအေးမိခြင်းနဲ့ တုပ်ကွေးရောဂါ ပြင်းထန်မှုကို လျှော့ချပေးနိုင်ပြီး ရောင်ရမ်းခြင်းနဲ့ နှာရည်ယိုခြင်း အပါအဝင်  သာမန်အအေးမိခြင်းကို လျော့နည်းစေတဲ့အပြင် အအေးမိခြင်းကို ဖြစ်စေတဲ့ ဓာတ်မတည့်မှုကို ထိန်းချုပ်ပေးရုံသာမက အအေးမိရောဂါ ကြာချိန်ကိုလည်း တိုစေပါတယ်။

ကနစိုးသီးမှာ သံဓာတ်ကြွယ်ဝတဲ့အတွက် ကနစိုးသီးကို ပုံမှန်စားပေးတာက ကိုယ်တွင်း ခုခံအားကောင်းစေပြီး ဖျားနာခြင်းနဲ့ ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးတဲ့အပြင် သွေးနီဥများက အောက်ဆီဂျင်ကို သယ်ဆောင်ပြီး ပျက်စီးနေတဲ့ ဆဲလ်များ၊ တစ်ရှူးများနဲ့ ကိုယ်တွင်းအင်္ဂါများကို ကုသရန်အတွက် အကျိုးပြုပါတယ်။

ကနစိုးသီးမှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေက ကြွက်သားကျုံ့ခြင်းနဲ့ ကြွက်သား တည်ဆောက်မှုအတွက် အထောက်အကူ ပြုပါတယ်။

ကနစိုးသီးမှာ ကယ်လ်စီယမ် ကြွယ်ဝတာကြောင့် ကနစိုးသီးကို ပုံမှန်စားသုံးတာက ကယ်လ်စီယမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးကာ ကလေးများနဲ့ အရွယ်ရောက်ပြီးသူများမှာ အရိုးထုထည်ကို တိုးလာစေပြီး အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။

ကနစိုးသီးမှာ သံဓာတ်နဲ့  ဗီတာမင်စီ ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်များ  ကနစိုးသီးကို ပုံမှန်စားပေးခြင်းက ကိုယ်ဝန်ဆောင်စဉ် မိခင်သွေးအားနည်းခြင်းမှလည်း ကာကွယ်ပေးပြီး ကိုယ်အလေးချိန်နည်းတဲ့ ကလေးမွေးဖွားနိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းအတွက် ကနစိုသီး ၅-၁၀ လုံးဖြစ်စေ၊ အခေါက်ပြုတ်ရည် ရေနွေးကြမ်းတခွက်ကို  ဖြစ်စေ ညအိပ်ရာဝင်ချိန် သောက်သုံးပေးနိုင်ပါတယ်။

ကနစိုးရွက်မှာပါဝင်တဲ့ မီလာတိုနင် (Melatonin) ဓာတ်တမျိုးဟာ နှလုံးစည်းချက်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ အမျိုးမျိုးကို ထိန်းချုပ်ပေးတဲ့အပြင် သဘာဝအိပ်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။

အရွက်မှာပါဝင်တဲ့ Rosmarinic အက်ဆစ်ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့အတွက် ခန္ဓာကိုယ်တွင်း နာကျင်ကိုက်ခဲမှုများ၊ အဆစ်အမြစ်ရောင်ခြင်းနဲ့ ထိခိုက် ရောင်ရမ်းခြင်းများကို ‌လျော့ကျစေပါတယ်။ အရွက်ပြုတ်ရည် အကြမ်းပန်းကန် တခွက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်မှာ ဇီဝဓာတ်ပေါင်းများနဲ့ polyphenol ဓာတ်ပေါင်းများစွာ ပါဝင်တဲ့အတွက် ဆီးချိုရောဂါ ဇီဝဖြစ်ပျက်မှု ဖြစ်နိုင်ခြေကို လျှော့ချရာမှာ ကူညီတယ်။ အရွက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ်မူတည်ပြီး တနေ့ ၂-၄ ကြိမ် ချင့်ချိန် သောက်သုံးနိုင်ပါတယ်။

ဆီးချိုနဲ့ သွေးတိုးရောဂါ ဝေဒနာရှင်များ ကနစိုးသီး၊ ကနစိုရွက်တို့ကို ပုံမှန် စားသောက်ပေးနိုင်ပါတယ်။

ဝမ်းလျှော ဝမ်းပျက်ခြင်းအတွက် အစေ့ခြောက်မှုန့် တခါသောက် ကော်ဖီ ၂ ဇွန်းကို  ရေနွေးကြမ်းကျကျနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ရေစီးကမ်းပြိုရောဂါအတွက် ကနစိုးသီးအခွံကို ပြုတ်ပြီး ငုံပေးနိုင်သလို ကနစိုးသီးအခွံကို ပြာချပြီးလည်း သွားဖုံးမှာ သိပ်ပေးနိုင်ပါတယ်။

ကနစိုးသီးစားပေးခြင်းက အစာစားချင်စိတ်ကို တိုးစေပြီး ပျို့အန်တာကိုလည်း သက်သာစေပါတယ်။ အရွက် စားသောက်ပေးခြင်းက အရေပြားကျန်းမာရေးကို အကျိုးပြုပါတယ်။

ကနစိုးသီးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်ဆည်းပေးတဲ့ အကောင်းဆုံး အစာအာဟာရတခုလည်း ဖြစ်ပါတယ်။

ကနစိုးသီးကို အလွန်အကျွံစားသုံးပါက ဗိုက်အောင့်ခြင်း၊ လေထိုးခြင်း၊ ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကနစိုးသီးနဲ့ ဓာတ်မတည့်သူများ ကနစိုးပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ ကနစိုးပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ခရီးဆုံးပန်းတိုင်မှာ အတူပြန်လည် ဆုံတွေ့ကြပါစို့။

သာဇဏ် (CDM တိုင်းရင်းဆေးပညာရှင်၊ ကျန်းမာရေးဝန်ထမ်း)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013