DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၉၅၀၀ အထိဈေးတက်
DVB
·
April 14, 2024
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ကျပ် ၉၅၀၀ အထိဈေးတက်
Donate to DVB

ဧရာဝတီတိုင်းမှာ ဧပြီလအတွင်း စားအုန်းဆီဈေးပြန်လည်မြင့်တက်လာပြီး ၁ ပိဿာကို ငွေကျပ် ၉,၅၀၀ အထိဈေးတက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီရဲ့ ဧပြီလ ဒုတိယအပတ်အတွက် စားအုန်းဆီအခြေခံရည်ညွှန်းဈေးဟာ ၁ ပိဿာ ၅,၀၀၀ ကျော် အဖြစ်သတ်မှတ်ထားပြီး ပြင်ပဈေးကွက်မှာတော့ ၁ ပိဿာကို ငွေကျပ် ၉,၅၀၀ အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ပုသိမ်ဒေသခံတယောက်က “ဆီမပါဘဲ ဟင်းချက်စားနေရတာ ခဏခဏဖြစ်နေပြီ။ ဆီဈေးက ကျမယ်မကြံသေးဘူး၊ ပြန်တက်လာတယ်။ အခုလည်း ၁ ပိဿာကိုကျပ် ၉,၅၀၀ တဲ့။ ဒီလိုခေတ်ဆိုး ခေတ်ပျက်မှာ သူဌေးဖြစ်ချင်နေကြတဲ့သူတွေကလည်း အများသားပဲ။ ဟိုလွန်ခဲ့သော ၃ နှစ်တုန်း က ၁ ပိဿာဈေး ၂,၀၀၀ အထိ ပြန်မကျရင် နေပါ၊ ကျမတို့လို အခြေခံလူတန်းစားတွေ ဆီလေး ဝယ်စားနိုင်တဲ့ဈေးလောက် ပေါက်နေရင်ကို ရပါပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ပုသိမ်၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သာတ၊ လပွတ္တာ၊ မြောင်းမြ၊ အိမ်မဲ၊ အင်္ဂပူ၊ ဇလွန် စတဲ့မြို့နယ်တို့မှာ စားအုန်းဆီဈေးတွေ အဓိက တက်နေပြီး တခြားမြို့တွေမှာလည်း ဈေးတက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မအူပင်မြို့ခံ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် လုပ်ငန်းရှင်တယောက်က “ဆီက ပြည်ပတင်သွင်း ကုန်စည်ဖြစ်တော့ အချို့ကုမ္ပဏီတွေက ရပ်လာတာရယ်၊ အချို့ကလည်း တင်သွင်းစရိတ် များများလာတာကြောင့်နဲ့ ဆီကို လျှော့သွင်းလာတာတွေကြောင့် ဆီဈေးက အခုလို မတည်မငြိမ်နဲ့ ဆီလက်ကျန်နည်းတာနဲ့ ထိုးတက်လာတာလို့ သိရတယ်။ ဒါ့ကြောင့် ဈေးနှုန်းတွေကထပ်ကျလာမယ်လို့ အများက ခန့်မှန်းပေမဲ့ ဈေးတက်လာတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းနိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ကန့်သတ်ချက်တွေရှိနေပြီး ဆီဈေးက ထပ်တက်ဖို့ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မတ်လက စားအုန်းဆီ ၁ ပိဿာကို ၇၄၀၀ ကျပ်ဝန်းကျင်ပဲ ဖြစ်ခဲ့ပြီး အခု ဧပြီလမှာ ၉၅၀၀ ကျပ်အထိ ဖြစ်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013