DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်သားများကို အရပ်သားအနေဖြင့်သာ ဝင်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော  
DVB
·
April 12, 2024
မြန်မာစစ်သားများကို အရပ်သားအနေဖြင့်သာ ဝင်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော  
Donate to DVB

မြဝတီ-မဲဆောက် နယ်စပ်အခြေအနေအရပ်ရပ်အတွက် အချက် ၄ ချက် ကြိုတင်ပြင်ဆင်ထားပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်မှာ ရောက်ရှိနေတဲ့ မြန်မာစစ်သားတွေအနေနဲ့ ထိုင်းနိုင်ငံထဲ ခိုလှုံဖို့ဆန္ဒရှိပါက လက်နက်ကိုင်အနေနဲ့ မဟုတ်ဘဲ ရိုးရိုးအရပ်သားအနေနဲ့သာ ဝင်ခွင့်ပြုမယ်လို့   ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။  

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တဘက်ကမ်း မြဝတီမြို့နယ်ထဲမှာ လတ်တလောဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာစစ်ဆေးဖို့ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဘန်ပရီ ဖဟီထနားနုကွန်းက ဒီကနေ့ မွန်းလွဲပိုင်းမှာ နယ်မြေထဲ ကွင်းဆင်းရောက်ရှိလာပါတယ်။

မြန်မာဟာ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေဟာ ထိုင်းနိုင်ငံပေါ်မှာလည်း သက်ရောက်မှုရှိတာကြောင့်  ဒီကနေ့မနက် တာ့ခ်ခရိုင်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အများကြီး ဆွေးနွေးခဲ့တဲ့ထဲက အရေးကြီးတဲ့ အချက် ၄ ချက်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဆိုပါအချက် ၄ ချက်ကတော့ တဘက်ကမ်းကအခြေအနေ ပိုဆိုးလာရင် နယ်စပ်တလျှောက်နေ  ထိုင်းနိုင်ငံသားတွေရဲ့  လုံခြုံရေးအတွက် အဆင်သင့်ပြင်ဆင်ထားဖို့၊ မြန်မာဘက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ ဘေးကင်းလုံခြုံစွာ ခိုလှုံနိုင်ဖို့ နေရာပေါင်း ၁၁၃ နေရာ ပြင်ဆင်ထားတယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်မှာ ရောက်ရှိနေတဲ့ မြန်မာ စစ်သားတွေအနေနဲ့ သူတို့ထိုင်းနိုင်ငံထဲ ခိုလှုံဖို့ဆန္ဒရှိရင် လူသားချင်းစာနာမှုအရ လက်ခံကူညီဖို့ အသင့်ရှိပေမဲ့ လက်နက်ကိုင်အနေနဲ့ မဟုတ်ဘဲ ရိုးရိုးအရပ်သားအနေနဲ့သာ ဝင်လာရမှာဖြစ်တယ်၊ တဘက်နိုင်ငံရောက်နေတဲ့ တရုတ်နိုင်ငံသားတွေ ပြန်ဝင်လာမယ်ဆိုရင် သူတို့ဟာ ဟိုဘက်ကမ်းမှာ ဘာအလုပ်လုပ်ခဲ့သလဲ၊ တရားဥပဒေနဲ့ ညီညွတ်ရဲ့လား ဆိုတာတွေ စစ်ဆေးပြီးမှ ဝင်ခွင့်ပြုမယ်လို့  နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ဒီကနေ့ သွားရောက်လေ့လာချက်အရ နယ်စပ်တံခါးပေါက်တွေ မပိတ်သေးဘဲ နှစ်နိုင်ငံ ပြည်သူတွေ ပုံမှန်ကူးသန်းသွားလာနေကြပြီး ကုန်စည်တွေလည်း ဖလှယ်လို့ရနေကြောင်း၊ အမှတ် ၂ တံတားအောက်က မြန်မာစစ်သားတွေလည်း သတင်းတွေထဲ ဖော်ပြနေသလို ၁၀၀၊ ၂၀၀ မရှိဘဲ ဆယ်ဂဏန်းသာ တွေ့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာဘက်က မတည်ငြိမ်မှုတွေ ထိုင်းနိုင်ငံဘက်ကို ကူးမလာအောင် ထိုင်းဘက်ကလည်း လုံခြုံရေးအင်အားတွေတိုးမြှင့်ပြီး  မျက်ခြည်မပြတ်စောင့်ကြည့်နေတယ်လို့   နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

နန်းမြနဒီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013