DVB Logo
Home
မြန်မာသတင်း
မြဝတီ ခလရ  ၂၇၅ တပ်မမှူး အပါအဝင် တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်ထွက်ပြေးရန် ကြိုးပမ်းနေ 
DVB
·
April 11, 2024
မြဝတီ ခလရ  ၂၇၅ တပ်မမှူး အပါအဝင် တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်ထွက်ပြေးရန် ကြိုးပမ်းနေ 
Donate to DVB

KNLA၊ PDF ပူးပေါင်းတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားတဲ့ မြဝတီမြို့ မြို့စောင့်တပ်  ခလရ ၂၇၅ တပ်က တပ်မမှူး အပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ လောက်ဟာ   မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်ရေး တံတားအနီး ရောက်နေပြီး ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်ခွင့်ရရေး ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပါတယ်။

မြဝတီမြို့ရှိရဲစခန်းနဲ့ ဌာနဆိုင်ရာကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲ ပုံမှန်တိုင်းပဲ ရှိနေပြီး သူတို့နေရပ်ပြန်ဖို့တောင်းဆိုထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးအဓိက တံတားဖြစ်တဲ့ နယ်စပ်ချစ်ကြည်ရေး တံတား ၁ နဲ့ ၂ ကိုတော့ ဒီတိုင်းဆက်လက်ဖွင့်ထားဖို့နဲ့ တိုက်ပွဲဘယ်လို ဖြစ်စေကာမူ အဆိုပါ တံတား မထိခိုက်စေဖို့ ထိုင်းရော၊ KNU နဲ့ မြန်မာစစ်တပ်ကပါ တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြဝတီမြို့တွင်း အေးချမ်းဖို့ ဘယ်လက်နက်ကိုင်အဖွဲ့မှ မြို့ထဲမှာ မနေကြဖို့ ညှိနှိုင်းမှုတွေ ရှိနေပြီး ကျန်ဌာနဆိုင်ရာအားလုံးက ပုံမှန်အတိုင်းပဲ ဆက်လက်အလုပ်နေကြောင်းလည်း သိရပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်မှာရှိနေတဲ့ ကေအန်ယူတပ်ဖွဲ့တဦးကတော့ အခု မြဝတီမြို့မှာ စစ်ကောင်စီတပ် မရှိတော့ပေမဲ့ တခြားနေရာကနေ စစ်ကူတက်လာမယ့် တပ်ဖွဲ့တွေရှိနေတဲ့ အတွက် ကြိုပြင်ဆင်မှုတွေ လုပ်ဆောင်နေရကြောင်းပြောပါတယ်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြဝတီမြို့မှာ နောက်ဆုံးကျန်တဲ့ ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံ့ဖို့ အခွင့်အရေးပေးခဲ့ပေမဲ့ လက်နက်ချအညံ့ခံခြင်းမရှိလို့ တိုက်ခိုက်ခဲ့တယ်လို့ KNU က ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ခလရ−၂၇၅ တပ်စခန်းကို  ဧပြီ ၈  ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ဧပြီ ၁၁ ရက် မနက် ၄ နာရီ မိနစ် ၂၀ လောက်မှာ  အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရခဲ့တယ်လို့လည်းဆိုပါတယ်။

မြဝတီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ကျန်ရှိတဲ့ အကြွင်းအကျန်တွေကို ရှင်းလင်းမှာဖြစ်လို့ ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ပူးပေါင်းလုပ်ဆောင်ဖို့ KNU က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013