DVB Logo
Home
မြန်မာသတင်း
ကုလအထူးကိုယ်စားလှယ်သစ်ကို NUG ကြိုဆို၊ မြန်မာ့အရေးဖြေရှင်းနိုင်မလား စောင့်ကြည့်ရမည်ဟု အကဲခတ်များပြော
DVB
·
April 9, 2024
ကုလအထူးကိုယ်စားလှယ်သစ်ကို NUG ကြိုဆို၊ မြန်မာ့အရေးဖြေရှင်းနိုင်မလား စောင့်ကြည့်ရမည်ဟု အကဲခတ်များပြော
Donate to DVB

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဂျူလီဘိရှော့ပ်ကို  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာနက ဧပြီ ၉ ရက်မှာ ကြေညာပါတယ်။

မစ္စဂျူလီဘိရှော့ပ်ဟာ သံတမန်ရေးရာ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုများအရ  ဒီရာထူး နေရာအတွက် အသင့်လျော်ဆုံး ဖြစ်မယ်လို့ အပြည့်အဝ ယုံကြည်ပြီး၊ မြန်မာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် သူတို့ရဲ့ ဆန္ဒနဲ့အညီ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်သွားမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးကိုယ်စားလှယ်နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို နိုင်ငံတကာအနေနဲ့လည်း အထူးကိုယ်စားလှယ်ကို သူ့ရဲ့ လုပ်ငန်းတာဝန်တွေ ထိရောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ဟာ  နိုလင်းဟေဇာ တာဝန်က အနားယူသွားပြီးနောက် လစ်လပ်နေတဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာမှာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဂျူလီဘိရှော့ပ်ကို ခန့်အပ်လိုက်ကြောင်း ဧပြီလ ၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။

အထူးကိုယ်စားလှယ်သစ် မစ္စဂျူလီဘိရှော့ပ်ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်၊ တာဝန်တွေနဲ့ ကုလလုံခြုံရေးကောင်စီကနေ ချမှတ်ထားတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့  သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

အထူးကိုယ်စားလှယ်သစ်ဟာ လက်ရှိ မြန်မာ့အရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။ 

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်း ပြဿနာတွေက ရေချိန်အမြင့်ဆုံး ရောက်နေပြီး ကုလအထူးကိုယ်စားလှယ် အသစ်အနေနဲ့ မြန်မာအရေး ဖြေရှင်းပေးရာမှာ မအောင်မြင်နိုင်ဘူးလို့ Progressive Voice တည်ထောင်သူ ဒေါ်ခင်ဥမ္မာက သုံးသပ် ပြောပါတယ်။

“အခု အသစ်ခန့်အပ်လိုက်တဲ့ ကုလအထူးကိုယ်စားလှယ်ကလေ အလုပ်ဖြစ်ဖို့ ကျမ လုံးဝ မမြင်ဘူး။ မြန်မာနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းက ၃ နှစ်မှာ ရေချိန် ပိုပြီးမြင့်လာတယ်။ ဒါပေမဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်က အရမ်းကို မရေမရာဖြစ်တယ်။ အရမ်းနည်းတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ တိကျတဲ့ လမ်းညွှန်ချက်၊ လုပ်ပိုင်ခွင့် ဘာမှ မရှိသလို သူ့ကို နိုင်ငံရေးအရ ကုလသမဂ္ဂကနေ နိုင်ငံရေးအရ သေသေချာချာ ကျောထောက် နောက်ခံ ပေးထားတာ မရှိဘူး။ အထူးသဖြင့် တရားမျှတမှု ကိစ္စ၊ တာဝန်ယူမှု တာဝန်ခံမှု ကိစ္စ၊ ဒီလိုမျိုး ကိစ္စတွေ ဖြေရှင်းနိုင်ဖို့ကို အထူးကိုယ်စားလှယ် လုပ်ပိုင်ခွင့်ထဲမှာ ထည့်သွင်း မပေးထားဘူးဆိုရင် ဘယ်လောက်တော်တဲ့သူ၊ ဘယ်လောက် အတွေ့အကြုံရှိတဲ့သူ ရရ ဒီရာထူး၊ ဒီလုပ်ပိုင်ခွင့်နဲ့ လုပ်မယ့်သူက အောင်မြင်စရာ အနေအထား မရှိဘူးလို့ ကျမတို့က ဒီလိုပဲ တွက်ပါတယ်။ အဲ့အတိုင်းပဲ ကုလသမဂ္ဂကို အဆိုပြုတင်ပြထားတာ ဖြစ်ပါတယ်။"

မစ္စ ဘိရှော့ပ်ဟာ ဩစတြေးလျလွှတ်တော်မှာ အနှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ဩစတြေးလျ အမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ နိုင်ငံတကာ ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မစ္စဘိရှော့ပ်ဟာ ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဖြစ်စဉ်ကာလမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ တင်းမာမှုတွေ ရှိခဲ့ဖူးပြီး အခုကာလမှာ တရုတ်က အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေတာကို အသိအမှတ်ပြုဖို့ လိုတယ်လို့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဒီဗွီဘီကို မှတ်ချက် ပေးပါတယ်။

အထူးကိုယ်စားလှယ်သစ် အလုပ်ဖြစ် မဖြစ်ဆိုတာ ကုလသမဂ္ဂက ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

"အလုပ်ဖြစ်မယ် မဖြစ်ဘူးက လူဆိုတာထက် UN System မှာကိုက ကန့်သတ်မှုတွေ ရှိတယ်ဆိုတာ ပြီးခဲ့တဲ့ ၃ နှစ်ရော ပြီးခဲ့တဲ့ စစ်အစိုးရ သက်တမ်းတွေမှာ တောက်လျှောက် သိပြီးသွားပြီ။ အဲ့တော့ လူပြောင်းရုံနဲ့ ပိုပြီး ထူးလာစရာ မရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့ စည်းမျဉ်း ဆုံးဖြတ်တဲ့ပုံစံနဲ့ မြန်မာနိုင်ငံအရေးဆိုင်ရာ ကိစ္စ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ခါတိုင်းလုပ်နေကျ မဟုတ်တဲ့ ပုံစံဘယ်လိုမျိုး လုပ်နိုင်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ဖို့ လိုလိမ့်မယ်။"

ကုလလုံခြုံရေးကောင်စီဟာ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပထမဆုံး ဆုံးဖြတ်ချက် တရပ် ချခဲ့ပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပြည်သူလူထုတွေကို အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတချို့က ထောက်ပြကြပါတယ်။

မြန်မာပြည်ရဲ့ ပြဿနာအရေးတွေကို ကုလသမဂ္ဂအထူး ကိုယ်စားလှယ်တွေ မဖြေရှင်းနိုင်တာဟာ သူတို့ရဲ့ အားနည်ချက်ကြောင့် မဟုတ်ဘဲ စစ်အုပ်စုရဲ့ တင်းမာတဲ့ သဘောထားတွေကြောင့်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက် ပေးပါတယ်။

"ကုလသမဂ္ဂကနေ အတွင်းရေးမှူးချုပ်ကနေ စေလွှတ်လိုက်တယ်ဆိုတဲ့ အမျိုးသမီးလည်း သြစတြေးလျမှာ နိုင်ငံရေးဝန်ကြီး လုပ်ခဲ့တဲ့ အမျိုးသမီးပါ။ ဒါကတော့ အရည်အချင်း မရှိဘူးလို့ ပြောမယ်ဆိုရင် အတော် မှားယွင်းရာ ရောက်ပါတယ်။ ဒါပေမဲ့ သူလည်းပဲ စစ်ကောင်စီနဲ့ လာပြီး ဆွေးနွေးလိုက်ရင် ဘာအကျိုးအမြတ်မှ ရမယ် မထင်ပါဘူး။ ထိထိရောက်ရောက် မြန်မာပြည်ရဲ့ ပြဿနာကို တဆင့်တိုး ဖြေရှင်းနိုင်မယ်လို့ မထင်ပါဘူး။ ဒါက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအနေအထားတွေ၊ ပုဂ္ဂိုလ်ရေး အားနည်းချက်တွေကြောင့် မဟုတ်ဘဲနဲ့ စစ်အစိုးရရဲ့ တင်းမာတဲ့ သဘောထားနဲ့ ခေါင်းမာတဲ့ အာခံမှုတွေကြောင့် ဖြစ်တယ်လို့ ကျနော် သုံးသပ်ပါတယ်။"

အထူးကိုယ်စားလှယ်သစ်အနေနဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့အုပ်စုတွေကြား နိုင်ငံအတွက် ဘုံရည်မှန်းချက်တရပ် ပေါ်ပေါက်အောင် အားထုတ်မှုတွေကို ထောက်ကူပေးသင့်သလို၊ နိုင်ငံတွင်းနဲ့ နယ်စပ်တလျှောက်မှာရှိတဲ့ ဆိုးရွားလာတဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို နိုင်ငံတကာနဲ့ လက်တွဲလုပ်ဖို့လိုတယ်လို့ International Crisis Group in Myanmar ရဲ့အကြီးတန်းလေ့လာသုံးသပ်သူဟောင်း ဒေါက်တာ မော်တန်ဘီ ပက်ဒါဆင်က သုံးသပ်ပါတယ်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ မစ္စဂျူလီဘစ်ရှော့ပ်ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဘက်က မြန်မာအစိုးရကို တရားဝင်အသိပေး အကြောင်းကြားခဲ့တာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ကုလလုံခြုံရေးကောင်စီ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတွေရဲ့ မဲဆန္ဒကို လေးစားလိုက်နာဖို့ အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ အကန့်အသတ် မရှိ ခွင့်ပြုပေးဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013