DVB Logo
Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီပယ်ချ 
DVB
·
April 9, 2024
ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီပယ်ချ 
Donate to DVB

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန်အစည်းအဝေးအတွင်း ဆွေးနွေးခဲ့တဲ့ ‘မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ’ အဆို၊ ဆွေးနွေးမှုနဲ့ ဆုံးဖြတ်ချက်ဟာ အခြေအမြစ် မရှိတဲ့အတွက် ပယ်ချတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်ကနေ ဧပြီ ၅ ရက်အထိ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပြီး အဲဒီမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ အပြန်အလှန်ဆွေးနွေးမှုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ် ၁ ရက်နဲ့ ၁၉ ရက်တို့က ပြုလုပ်ခဲ့ပါတယ်။

ပြီးတော့ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းတဲ့ ‘မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ’ ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီ ၄ ရက်မှာ အတည်ပြုချမှတ်ခဲ့ပြီး အဲဒီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲဖော်ပြချက်တွေ ပါဝင်တာကို တွေ့ရတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

သူတို့အနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လိုအပ်သူတွေဆီ အချိန်နဲ့ တပြေးညီပေးပို့နိုင်ရေး အလေးထားဆောင်ရွက်နေသလို မြန်မာနိုင်ငံတဝန်းမှာ ကုလသမဂ္ဂအဖွဲ့ အစည်း ၁၆ ဖွဲ့ရဲ့ ရုံးခွဲတွေ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ရရှိတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံက ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ နိုင်ငံခြားသားဝန်ထမ်း ၁၃၀ ကျော်၊ ပြည်တွင်းခန့်ဝန်ထမ်း ၁,၆၀၀ လောက် အပါအဝင် ဝန်ထမ်းစုစုပေါင်း ၁,၇၀၀ ကျော်က လုပ်ငန်းတွေ ဆောင်ရွက်နေသလို ခရီးသွားခွင့် လည်း ပေးထားတယ်လို့ ဆိုပါတယ်။

အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အလှူရှင်နိုင်ငံတွေရဲ့ သံရုံးတွေကို မြေပြင်လုံခြုံရေးအခြေအနေ ပေါ်မူတည်ပြီး ခရီးသွားခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေကို နိုင်ငံတဝန်း ခရီးသွားလာခွင့် အကြိမ် ၁,ဝဝဝ ကျော်၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးတွေကို အကြိမ် ၆ဝ ကျော် ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တခုတည်းအတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေကို စုစုပေါင်းအကြိမ် ၂၅ဝ လောက်နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကြိမ် ၃၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့တာကြောင့် ကုလသမဂ္ဂရဲ့ အစီရင်ခံစာတချို့နဲ့ သတင်းထုတ်ပြန်ချက် တချို့မှာ အလေးပေးဖော်ပြထားတဲ့ သွားလာခွင့်ငြင်းပယ်ခံရတယ်ဆိုတာ အခြေအမြစ် မရှိဘူးလို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီက ငြင်းဆိုနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ သွားလာခွင့်ကို စစ်ကောင်စီက တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် အခုနောက်ပိုင်းမှာတော့ နိုင်ငံတဝန်းက စစ်ရှောင်တွေ ဆီကို သွားဖို့အတွက်လည်း ကန့်သတ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာကပေးတဲ့ လူသားချင်းစာနာမှုအကူအညီတွေဟာလည်း မြန်မာပြည်အလယ်ပိုင်းနဲ့ တိုင်းရင်းသားဒေသက စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေဆီ ပေးအပ်ခွင့်မရ ဖြစ်နေပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီတင်ပို့တာ ဒါမှမဟုတ် ရောင်းချတာ ရှောင်ရှားကြဖို့ တောင်းဆိုတဲ့ အစီအမံတရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့သတင်းပတ်မှာ သဘောတူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ကောင်စီဟာ မြန်မာနိုင်ငံကို လက်နက်၊ ခဲယမ်းနဲ့ စစ်လက်နက်ပစ္စည်းတွေ တရားမဝင်ရောင်းချတာကို ရပ်ဆိုင်းဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီရေးလိုလားတဲ့ အင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်မြေပြင်တိုက်ပွဲတွေမှာ အရေးမလှ ဖြစ်နေတာကြောင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှု ပိုတိုးလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာလူ့အခွင့်ရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက သတိပေးထားပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း မြန်မာနိုင်ငံကို တရားမဝင် လောင်စာတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး ထပ်တလဲလဲ သတိပေးထားပါတယ်။ လေယာဉ်ဆီတင်ပို့မှု ထောက်ပံ့ကွင်းဆက်မှာ အရေးယူပိတ်ဆို့မှုတွေကို ရှောင်လွှဲပြီး ပေးပို့နေတာတွေကို ထောက်ပြထားပါတယ်။

AI အထူးကိုယ်စားလှယ် အီနီယန်အီလန်ဂိုက “စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို သုံးနေတဲ့သူတွေကို ဂျက်လေယာဉ်ဆီ ထောက်ပံ့တာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်လိုမျိုး လက်ခံနိုင်စရာမရှိဘူးဆိုတာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဓိကအဖွဲ့ကြီးဆီက အရေးကြီးတဲ့ သတင်းစကားပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို ပြတ်ပြတ်သားသား ခြွင်းချက်မရှိ ပယ်ချလိုက်ပြီး စစ်ကောင်စီဘက်က ရပ်တည်ပေးခဲ့တဲ့ နိုင်ငံတွေကို အသိအမှတ်ပြု ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂက အသိပေး အကြောင်းကြားတာ မရှိခဲ့ဘူးလို့ စစ်ကောင်စီက ဆိုပြီး ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ တဖက်သတ် ဖိအားပေးတာတွေဟာ အပြုသဘော မဆောင်သလို အထောက်အကူ မပြုဘူးလို့ ထုတ်ပြန်ပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘိရှော့ပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်  ခန့်အပ်လိုက်ကြောင်း ဧပြီလ ၅ ရက်နေ့က  ကြေညာထားတာဖြစ်ပါတယ်။

Photo -UNHRC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013