DVB Logo
Home
မြန်မာသတင်း
ရပ်စောက်တွင် အမျိုးသားများကို စစ်တပ်နှင့် RCSS အဖွဲ့က အပြိုင်အဆိုင် စစ်မှုထမ်းခိုင်းနေ
DVB
·
April 9, 2024
ရပ်စောက်တွင် အမျိုးသားများကို စစ်တပ်နှင့် RCSS အဖွဲ့က အပြိုင်အဆိုင် စစ်မှုထမ်းခိုင်းနေ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က  အပြိုင်အဆိုင် စစ်မှုထမ်းခိုင်းနေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့၊ တိုက်နယ်ကျေးရွာတွေမှာရှိတဲ့ လူငယ်တွေ အခက်အခဲကြုံနေကြရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ကျေးရွာ တရွာကို တယောက်နှုန်း အလှည့်ကျ မဲစနစ်နဲ့ သတ်မှတ်ထားပြီး  RCSS အဖွဲ့က အသက် ၁၈ နှစ်ကနေ ၄၆ နှစ်အတွင်းရှိ အမျိုးသားတွေကို ရပ်ရွာတွေရဲ့ လူဦးရေပေါ်မူတည်ပြီး ကျေးရွာတရွာကို အယောက် ၂၀ မှ ၃၀ အထိ ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်တပ်က သင်္ကြန်ပြီးရင် စခေါ်မှာ မဲနှိုက်ရမှာပေါ။ RCSS အဖွဲ့က ဒီလ ၂၅ ရက် နောက်ဆုံးထားပြီး လူပေးရမှာ။ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ဆင့်ခေါ်ခိုင်းတာဆိုတော့ ရွာလူကြီးတွေက လူရှာပေးရတာ။ ကျနော်တို့ကတော့ ဘယ်အဖွဲ့ထဲမှ မလိုက်နိုင်ဘူး၊ လွတ်လမ်းရှာရမှာပေါ့။ အချိန်က သိပ်မရှိတော့ဘူးလေ၊ လူငယ်တွေ လူလတ်ပိုင်းတွေလည်း ရွာထဲမှာ သိပ်မရှိတော့ပါဘူး၊ ထိုင်းသွားတဲ့လူတွေက သွားကုန်ပြီ" လို့ ဒေသခံ အမျိုးသားတဦးက DVB ကို ပြောပါတယ်။

“RCSS အဖွဲ့က စစ်မှုထမ်း ဥပဒေ ထုတ်ပြီးနောက် ရွာထဲက လူငယ်တွေကို ကြုံရင်ကြုံသလိုဖမ်းတယ်။ အလုပ်သွားတဲ့လူတွေ ဈေးထွက်ဝယ်တဲ့ လူတွေပေါ့ အဓိကတော့ လူငယ်ပိုင်းတွေကို ရွေးဖမ်းတယ်။ အစပိုင်းတုန်းက ဖမ်းခံရရင် ပြန်ရွေးလို့ရတယ်လို့ သူတို့ပြောတယ်။  တိုင်းရင်းသားဆိုရင် သိန်း ၅၀၊ ဗမာဆို သိန်း ၈၀ ပေါ့။  တကယ်တမ်း ဖမ်းခံရတဲ့အချိန် သွားရွေးတော့ မရဘူး မူးယစ်ဆေးဝါးသုံးစွဲထားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး ရွေးခွင့်မပေးတော့ဘူး" လို့ သူက ဆက်ပြောပါတယ်။

RCSS က ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ မရှိ ဆီးစစ်မှု ပြုလုပ်တယ်လို့လည်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ RCSS အဖွဲ့မှာ ၆ နှစ် စစ်မှုထမ်းရမှာဖြစ်ပြီး မိသားစုဝင်တွေနဲ့ တွေခွင့်မပေးတော့သလို ဘယ်ကို ပို့ဆောင်လိုက်လဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “နှစ်ဘက်လုံးကို ကြောက်နေရတာပေါ့။  လူငယ်တွေကို နှစ်ဘက်လုံးက လိုချင်နေကြတာ။ ပြည်ပ ထွက်ဖို့လည်း အခုချိန်မှာ မလွယ်ကူဘူး။ ကိုယ့်မြို့တွင်းတောင် သွားရလာရတာ ကြောက်လန့်နေရတာ။ စစ်တပ်က ဆွဲမှာ ကြောက်ရ၊ ရှမ်းအဖွဲ့က ဖမ်းမှာကြောက်ရနဲ့ မိဘတွေမှာ သားသမီးတွေအတွက် နေ့စဥ်နဲ့အမျှ ပူ​လာင်နေရတာပဲ" လို့ ပြောပါတယ်။

ရှမ်းလူငယ်တဦးကတော့  RCSS အဖွဲ့က စစ်ကောင်စီနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တခုဖြစ်တာကြောင့်  စစ်မှုထမ်းဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ပါတယ်။

အသက်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့်  ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစပြီး အာဏာတည်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ရှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ ၄၆ အတွင်း ရှိသူတိုင်း စစ်မှုထမ်းဆောင်ရမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ထားတာလို့ သိရပါတယ်။။ 

ရပ်စောက်မြို့မှာ တပ်သားသစ် စုဆောင်းနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး RCSS ကို ဆက်သွယ်မေးမြန်းပေမဲ့ မရရှိသေးပါဘူး။

ဓာတ်ပုံ - Tai Freedom

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013