
အိုင်ဗရီကို့စ် တိုက်စစ်မှူး အယ်လီဝါဟီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင် သီတင်း ၂ ပတ် အလိုမှာ အားကစားဆိုင်ရာ အဂတိလိုက်စားမှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် ဝါဟီကို မေ ၂၉ ရက်မှာ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ စစ်ဆေး မေးမြန်း ပြီးနောက် သူ ပြန်လည်လွတ်မြောက်လာပါတယ်။
ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ရှိနေပေမဲ့ ဝါဟီဟာ အိုင်ဗရီကို့စ် ကမ္ဘာ့ဖလားအသင်းနဲ့အတူ အမေရိကန်ကို သွားရောက်ခဲ့သလို အီကွေဒေါနဲ့ပွဲမှာလည်း သူ ပွဲထွက်ကစားခဲ့တာပါ။
ဝါဟီဟာ မေ ၁၇ ရက်က နိုက်စ်နဲ့ မက်ဇ်တို့ ကစားတဲ့ပွဲမှာ တမင်တကာ အဝါကတ်ပြသခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
မာဆေးလ် အစိုးရရှေ့နေရုံးကတော့ သူ့ကို စနစ်တကျ လိမ်လည်မှုနဲ့ အားကစား အဂတိ လိုက်စားမှု တွေကြောင့် ဖမ်းဆီးခဲ့တာလို့ အတည်ပြုပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (LFP) ကလည်း ဝါဟီရဲ့ အဝါကတ်နဲ့ ပတ်သက်ပြီး လောင်းကြေးပမာဏ ထူးခြားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ စုံစစ်ဆေးမှုတွေ ဆက်လုပ်နေပေမဲ့ LFP ကတော့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ မလုပ်သေးပါဘူး။
Photo:Reuters










