ပြင်သစ်နိုင်ငံကနေ ပြန်လည်ရရှိခဲ့တဲ့ ဂျီဂျီအာယိုကွေ စည်တော် ပြန်လည်ရရှိခြင်း အထိမ်းအမှတ် အဖြစ် အိုင်ဗရီကို့စ်နိုင်ငံ လွတ်လပ်ရေးနေ့မှာ လူထောင်ပေါင်းများစွာ စုဝေးကြိုဆိုခဲ့ကြပါတယ်။
ဂျီဂျီအာယိုကွေ စည်တော်ဟာ အိုင်ဗရီကို့စ်နိုင်ငံက အထွတ်အမြတ်ထားတဲ့ စည်တော်ဖြစ်ပြီး ဒီနှစ်အစောပိုင်းမှာ ပြင်သစ်ကနေ ပြန်လည် ရရှိခဲ့တာပါ။
ပြင်သစ်တွေက အိုင်ဗရီကို့စ်နိုင်ငံကို ကျူးကျော်ကိုလိုနီပြုပြီး ဒီစည်တော်ကို ယူဆောင်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
စည်တော်ကြီး ပြန်လည်ရရှိဖို့ အိုင်ဗရီကို့စ်နိုင်ငံသားတွေ ဆန္ဒရှိခဲ့ကြပြီး ဒီနေ့မှာ အဲဒီဆန္ဒတွေ ပြည့်ပြီလို့လည်း ကျေးရွာအကြီးအကဲ ဂျော့မိုဘီယိုက ပြောပါတယ်။
ပြင်သစ်တွေဟာ ၁၉၁၆ ခုနှစ်မှာ ဒီစည်တော်ကို သိမ်းဆည်းခဲ့ပြီး ၁၉၃၀ ခုနှစ်မှာ ပြင်သစ်နိုင်ငံကို ယူသွားခဲ့တာပါ။
စည်တော်ကြီးကို ပြန်ရဖို့ အိုင်ဗရီကို့စ်နဲ့ ပြင်သစ်နိုင်ငံ တာဝန်ရှိသူတွေ နှစ်ပေါင်းများစွာ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ်လက ပြန်လည်ရရှိခဲ့တာပါ။
ဒါဟာ ပြင်သစ်နိုင်ငံက အိုင်ဗရီကို့စ် ပိုင်ဆိုင်တဲ့ အနုပညာလက်ရာတခုကို ပထမဆုံးအကြိမ် ပြန်လည်ပေးခဲ့တာဖြစ်ပြီး အိုင်ဗရီကို့စ်နိုင်ငံအတွက်လည်း ရိုရာ ရှေးအမွေအနှစ်တခု ပြန်လည် ရရှိအောင် ကြိုးစားနိုင်ခဲ့တဲ့ မှတ်တိုင်တခုပဲ ဖြစ်ပါတယ်။
အက်ချန်လူမျိုးတွေအတွက်တော့ ဂျီဂျီအာယိုကွေ စည်ကြီးဟာ အာဏာ၊ ဆက်သွယ်မှုနဲ့ လူမျိုးစု ပြယုဂ်ဖြစ်ပြီး ကိုလိုနီခေတ်က အတင်းအကျပ် စေခိုင်းမှုတွေကို ဒီစည်ကြီးနဲ့ သတိပေး ဆက်သွယ်တာ၊ ဒေသခံ တော်လှန်ရေးသမားတွေကို စည်းရုံးလှုံ့ဆော်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေဟာ စည်တော်ကြီး ပြန်ရမှုအတွက် ရိုးရာအကတွေ၊ တေးသီချင်းတွေ ကြိုဆိုခဲ့ကြပါတယ်။
ဒေသခံအများစုက မျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ ပြောစကားတွေကြောင့် ဒီစည်တော်ကြီးကို ကြားသာကြားဖူးပြီး အခုအချိန်မှ လက်တွေ့ မြင်တွေ့ခွင့်ရတာလည်း ဖြစ်ပါတယ်။
Source: Reuters










