DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မတ်ပဲအထွက်နှုန်း ကျဆင်းသဖြင့် တောင်သူများ အရှုံးပေါ်နေ 
DVB
·
April 7, 2024
ဧရာဝတီတိုင်းတွင် မတ်ပဲအထွက်နှုန်း ကျဆင်းသဖြင့် တောင်သူများ အရှုံးပေါ်နေ 
1 / 2
Donate to DVB

ဧရာဝတီတိုင်းမှာ မတ်ပဲတွေ ပြန်လည်ရိတ်သိမ်းနေတဲ့ လက်ရှိအချိန် မတ်ပဲတွေ အထွက်နှုန်း ကျဆင်းနေတာကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဧပြီလဟာ ဧရာဝတီတိုင်းမှာ အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးထားတဲ့ မတ်ပဲတွေကို ရိတ်သိမ်းနေတဲ့အချိန် ဖြစ်ပြီး အရင်နှစ်တွေက မတ်ပဲ ၁ ဧကပျှမ်းပျှ ၃၅ တင်းအထိ ထွက်ရှိခဲ့ပြီး အခုနှစ် လက်ရှိမှာတော့ မတ်ပဲ တဧက ပျှမ်းမျှ ၉ တင်းအထိသာ အများဆုံးထွက်ရှိတော့တယ်လို့ သိရပါတယ်။ 

မတ်ပဲတွေ အထွက်နှုန်း ကျဆင်းတာဟာ ဧရာဝတီတိုင်းတွင်း ဖြစ်ပွားခဲ့တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ အပါအဝင်၊ ဖျက်ပိုးကိုက်တာ၊ စစ်တပ်က အာဏာသိမ်းတာကြောင့် စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးထိုးတက်နေတာ၊ မတ်ပဲတွေ အထွက်ကောင်းစေဖို့ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ ဒေသမတည်ငြိမ်မှုတွေကြောင့်နဲ့ လယ်ယာလုပ်ငန်းတွေကို စနစ်တကျမလုပ်နိုင်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

''အခု ပဲတွေပြန်ရိတ်တဲ့အချိန်မှာ တော်တော်လေးကို အထွက်နှုန်း လျော့ကျနေတယ်၊ မြတ်ဖို့မပြောနဲ့ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဖိုးတောင် မနည်းရအောင် ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို နွေမတ်ပဲတောင် လုပ်နိုင်ဖို့ မသေချာဘူး။ လုပ်ဖို့လည်း အရင်းအနှီးရှာရဦးမယ်။ ခါတိုင်းဆို မတ်ပဲရိတ်ပြီးတာနဲ့ နွေသီးနှံစိုက်ဖို့ အရင်းအနှီး သုံးနိုင်တယ်၊ အခုက မသုံးနိုင်တော့ဘူး။ အဓိကကတော့ ရာသီဥတု ဖောက်ပြန်တာ၊ စစ်တပ် အာဏာသိမ်းတာနဲ့ အကြောင်းအမျိုးအမျိုးအကြောင့် ဒုက္ခတွေရောက်နေတာ။ အခုခေတ် ပဲ ၁ ဧက စိုက်ပျိုးစရိတ် ၁၂ သိန်းလောက်ရှိတယ်၊ ပြန်ရတာ ၇ သိန်းဖိုးတောင် မပြည့်ဘူး။ ပဲဈေးကတော့ မဆိုးပါဘူး"လို့ ဝါးခယ်မ တောင်သူတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ မတ်ပဲတွေ အထွက်နှုန်းကျဆင်းနေတဲ့အပြင် လယ်ယာသုံးစက်သုံးဆီ လိုသလောက် ဝယ်မရတာ၊ စက်သုံးဆီဈေးတွေ ပြန်မကျသေးတာ၊ ဓာတ်မြေသြဇာဈေးတွေ ပြန်မကျတာ၊ အရင်က ချေးထားတဲ့ ချေးငွေတွေကို အတင်းတောင်းနေတာ စတဲ့အခြေအခက်အခဲတွေနဲ့လည်း ကြုံနေရတယ်လို့ ဆိုပါတယ်။ 

''ပြောမယ်ဆိုရင် လယ်သမားတွေ ဒုက္ခပတ်လည်ဝိုင်းနေပါတယ်။ ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ အိမ်က မိသားစုတွေကို အခြားအလုပ်ပဲ လုပ်ဖို့ ပြောနေတာ။ တောင်သူတွေရဲ့ အခက်အခဲတွေ အထိုက်အလျောက် အဆင်ပြေဖို့ဆို အစိုးရ၊ ကုန်သည်၊ တောင်သူ ပေါင်းစပ်လုပ်မှ အဆင်ပြေမှာ။ အခုက မတ်ပဲတွေ အထွက်လျော့တဲ့ဒဏ် ခံနေရတဲ့အပြင် ဘာမှ ပံ့ပိုးတာလည်း မရဘူးဖြစ်နေတယ်။ ချေးငွေတွေလည်း အသစ်မလာဘဲ အရင် NLD ပါတီလက်ထက်က အဟောင်းတောင် အတင်းတောင်းနေတယ်'' လို့ မအူပင် လယ်သမားတယောက်က ပြောပါတယ်။ 

ဧရာဝတီတိုင်းဟာ ပြည်တွင်းမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့ တိုင်းဒေသကြီး တခုဖြစ်ပြီး တောင်သူတွေ လယ်ယာစိုက်ပျိုးရေးကို အဆင်ပြေပြေမလုပ်နိုင်ရင် နိုင်ငံရဲ့ ရိက္ခာအတွက်ပါ ထိခိုက်လာနိုင်တယ်လို့ ကုန်သည်တွေ၊ လယ်သမားတွေနဲ့ လယ်သမားအေရး ဆောင်ရွက်နေသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013