DVB Logo
Home
မြန်မာသတင်း
ရွှေဈေးမြင့်တက်နေခြင်းကြောင့် ဧရာဝတီတိုင်းတွင် ရွှေအဝယ်မရှိဘဲ ရောင်းသူများနေ
DVB
·
April 7, 2024
ရွှေဈေးမြင့်တက်နေခြင်းကြောင့် ဧရာဝတီတိုင်းတွင် ရွှေအဝယ်မရှိဘဲ ရောင်းသူများနေ
Donate to DVB

ရွှေဈေးမြင့်တက်နေတာကြောင့် ဧရာဝတီတိုင်းက ရွှေဆိုင်တွေ မှာ ရွှေလာဝယ်ယူတဲ့သူ မရှိသလောက်ဖြစ်နေပြီး ရွှေကိုပြန်ရောင်းချသူတွေပဲ များနေတယ်လို့ ရွှေအရောင်းဆိုင် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းက ရွှေဆိုင်တွေမှာ ဧပြီ ၁ ရက်ကနေ  ၇ ရက်အထိ ၁၆ ပဲရည်ရွှေ ၁ ကျပ်သားကို ကျပ် ၄,၅၅၀,၀၀၀နဲ့ ၁၅ ပဲရည်ရွှေ ၁ ကျပ်သားကို ၄,၅၀၀,၀၀၀ ဈေးပေါက်နေပြီး ရွှေဝယ်သူမရှိဘဲ လာရောက် ရောင်းချတဲ့သူတွေပဲများနေတာကြောင့် ကာလပေါက်ဈေးထက်ရွှေ ၁ ကျပ်သားကို အနည်းဆုံးကျပ် ၅၅,၀၀၀ အထိ ဈေးလျှော့ဝယ်ယူနေတယ်လို့ ဆိုပါတယ်။

မအူပင်မြို့က ရွှေရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “စီးပွားရေး ကောင်းကောင်း လုပ်ရတဲ့ ရက်ကိုမရှိဘူး။ သက်ဆိုင်ရာက ဖမ်းမယ် ဆီးမယ် တကဲကဲလုပ်နေတာ။ ရွှေဈေးနှုန်းက မတည်ငြိမ်တော့ တော်တော်ခက်တယ်။ နေ့တိုင်းလိုလိုဈေးက တက်နေတော့ ရောင်းလိုက်ရင်ရှုံးတယ်။ အခု ရွှေဝယ်တဲ့သူထက် လာရောင်းတဲ့သူ ပိုများနေတယ်။ ပြန်ဝယ်ရွှေထည်တွေကိုဈေးလျှော့ ဝယ်နေတယ်။ အရင်က တနေ့ရောင်းအား သိန်းထောင်ချီရှိတာ။ အခုတော့ သိန်းဆယ်ဂဏန်းဖိုးတောင် အပြည့် ရောင်းရတယ်တဲ့မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက အာဏာမသိမ်းခင် ဧရာဝတီတိုင်းမှာ ၂၀၂၀ ခုနှစ်က ၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ၉၂၅,၀၀၀ ကျပ်ရှိခဲ့ရာကနေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်က ၁,၀၄၅,၀၀၀ ကျပ်၊ ၂၀၂၂ ခုနှစ်က ၂,၂၀၀,၀၀၀ ကျပ်၊ ၂၀၂၃ ခုနှစ်က ၃,၅၅၀,၀၀၀ ကျပ်နဲ့ အခု ၂၀၂၄ ခုနှစ်လက်ရှိမှာ ရွှေဈေးကွက်သမိုင်းတလျှောက် အမြင့်ဆုံးဈေးအဖြစ် ၄၅ သိန်းကျော်အထိ စံချိန်တင်ဈေး ဖြစ်ပေါ်နေတာလို့ သိရပါတယ်။

ပုသိမ်မြို့က ရွှေအရောင်းအဝယ်နဲ့ ပန်းတိမ်လုပ်ငန်းရှင်တယောက်က “ပြည်တွင်းရွှေဈေးကွက်က ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်တော့ဘူး။ စစ်ကောင်စီ အာဏာကိုလက်လွှတ်မှ ရွှေဈေးတည်ငြိမ်မှာ။ အာဏာသိမ်းတဲ့အကျိုးဆက်ကြောင့် ဆန်နဲ့စပါး၊ စက်သုံးဆီနဲ့ ရွှေဈေးတွေ အခုလို စံချိန်တင်တက်နေတာ။ ရွှေဆိုင် အများစုက ဘာမလုပ်မှမဖြစ်ဘူး။ ဖွင့်ထားရုံသာသာပဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ရွှေဆိုင်တွေမှာ ရွှေတွေပြန်လည်ဝယ်ယူရာမှှာ ကာလပေါက်ဈေးထက် ၁ ကျပ်သားကို ၅၅,၀၀၀ ကျပ်လောက် လျှော့ဝယ်ယူနေတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေဈေးနှုန်း အခြေအနေအရ ရွှေအပေါင်ဆိုင်လုပ်ငန်းတွေ အလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေဈေးတွေအဆမတန်ထိုးတက်နေပြီး ရွှေဝယ်ယူ သူမရှိသလောက်ဖြစ်နေတာကြောင့် ရွှေဆိုင်တွေဟာရွှေ အရောင်းဝန်ထမ်းတွေကို လျှော့ချလာတာ၊ နေ့စားစနစ်နဲ့ အလုပ်ဆင်းခိုင်း နေရတာကြောင့် ရွှေအရောင်းဝန်ထမ်းတွေပါ အခက်အခဲဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013