DVB Logo
Home
Lead Story
အစိုးရမဲ့ အဓမ္မနိုင်ငံတော်မှ သည် ပန်းတိုင်းပွင့်စေမယ့် ဓမ္မနိုင်ငံတော်သစ်ဆီ
DVB
·
April 6, 2024
အစိုးရမဲ့ အဓမ္မနိုင်ငံတော်မှ သည် ပန်းတိုင်းပွင့်စေမယ့်                                ဓမ္မနိုင်ငံတော်သစ်ဆီ
Donate to DVB

မြန်မာနိုင်ငံမှာ အုပ်ချုပ်သူ အစိုးရမဲ့ခဲ့တာ တပ်မတော်အမည်ခံ စစ်ဓားပြဂိုဏ်းက အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စရေတွက်ကြည့်ရင် ၃ နှစ်ကျော်ခဲ့ပါပြီ။ လက်ရှိ မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး လက်နက်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးနေတာ အစိုးရတရပ်မဟုတ်တဲ့ ဓားပြဂိုဏ်းတဂိုဏ်းသာ ဖြစ်ပါတယ်။

အစိုးရတရပ်ဆိုတာကို ၁၄ ရာစု အာရပ်ပညာရှင် Ibn Khaldun က အဓိပ္ပာယ်ဖွင့်ဆိုရာမှာ “မတရားမှုများကို အခြားသူများ ပြုလုပ်မည်ထက် မိမိကိုယ်တိုင် ပြုလုပ်မိမည်ကို ကာကွယ်မှုပြုတဲ့ အဖွဲ့အစည်း” လို့ ဖွင့်ဆိုခဲ့ပါတယ်။ လူမှုရေးသိပ္ပံဘာသာရပ်မှာတော့ အစိုးရဆိုတာ ပေးထားတဲ့အချိန်ကာလတခုအတွင်း (နိုင်ငံ-) ပြည်ထောင်စုနိုင်ငံတခုကို အုပ်ချုပ်ရေး ဗျူရိုကရေစီစနစ်အရ ဖွဲ့စည်းထားတဲ့ လူအသင်းအဖွဲ့တခုလို့လည်း ဆိုပါတယ်။

အစိုးရတရပ်လို့ သတ်မှတ်နိုင်ဖို့အတွက် အောက်ပါအချက်အားလုံးနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။

၁။ အုပ်ချုပ်ခံ ပြည်သူရှိခြင်း

၂။ သံတမန် ဆက်သွယ်မှုရှိခြင်း

၃။ ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်းနဲ့

၄။ အမိန့်ပေးနိုင်တဲ့ အာဏာရှိခြင်းတို့ ဖြစ်ပါတယ်။

တိုင်းပြည်အာဏာကို ပြည်သူတွေရဲ့ တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ခြင်း ခံရတဲ့ အစိုးရ တနည်းအားဖြင့်ဆိုရရင် အာဏာကို ပြည်သူ‌တွေရဲ့ အပ်နှင်းခြင်းကို လက်ခံထားရတဲ့ အစိုးရမျိုးသာ အပေါ်မှာရေးပြခဲ့တဲ့ အသိအမှတ်ပြုရမယ့် အချက်အားလုံး ၄ ချက်လုံးနဲ့ ကိုက်ညီတဲ့အတွက် အစိုးရအဖြစ် လက်ခံသတ်မှတ်နိုင်ပါတယ်။

ဒါကြောင့် သမ္မတရူး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အခွင့်ထူးခံတအုပ်ဟာ နိုင်ငံတော်အာဏာကို လက်နက်နဲ့ အကြမ်းဖက် လုယူခဲ့တာမို့ အမိန့်ပေးနိုင်တဲ့ အဓမ္မအာဏာ ရှိနေပေမဲ့ ပြည်တွင်းသာမက ပြည်ပနိုင်ငံအများစုကပါ သူတို့ကို အစိုးရတရပ်အဖြစ် အသိအမှတ်မပြုဘဲ အာဏာလု စစ်ဓားပြဂိုဏ်း အဆင့်လို့သာ သတ်မှတ်ခံနေရတာပဲ ဖြစ်ပါတယ်။

အစိုးရတရပ် ဖြစ်လာပြီဆိုရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကိုင်တွယ်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိန်းသိမ်း ဖော်ဆောင်ကြရပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ပြည်သူလူထုအတွက် ငြိမ်းချမ်းမှုကို ဖော်ဆောင်ဖို့၊ နိုင်ငံကိုကာကွယ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ စီမံအုပ်ချုပ်တဲ့အစိုးရ (သို့) အဖွဲ့အစည်းတရပ်ဟာ ကောင်းမွန်တဲ့အစိုးရ (သို့) အဖွဲ့အစည်းတရပ် ဟုတ်မဟုတ်ဆိုတာကို သိစေနိုင်တဲ့ အောက်ပါအခြေခံလက္ခဏာတွေ ရှိပါတယ်။

(၁) ပြည်သူပြည်သားတိုင်းရဲ့ အသက်နဲ့ဘဝ လုံခြုံမှုကို ကာကွယ်ခြင်း

(၂) ဥပဒေအထက်၌ ဘယ်သူမှမရှိ‌စေဘဲ တရားဥပဒေစိုးမိုးစေခြင်း

(၃) နိုင်ငံ‌တဝန်းကို တည်ငြိမ်သာယာအောင် ငြိမ်းချမ်းရေးကို တည်ဆောက်ထိန်းသိမ်းခြင်း

(၄) စီးပွားရေးတိုးတက်စေလျက် ပြည်သူပြည်သားတိုင်း အလုပ်အကိုင်ရရှိရေး၊ စားဝတ်ရေးကို ဖူလုံစေခြင်း

(၅) တိုင်းပြည်အရင်းအမြစ်များ၊ ပြည်သူ့ဘဏ္ဍာငွေများ အလဟဿ မဆုံးရှုံးစေအောင် စီမံခြင်း

(၆) နိုင်ငံရဲ့ စာရင်းအင်း အချက်အလက်များ မှန်ကန်တိကျစေခြင်း

(၇) မိမိအစိုးရ၏ ဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာမှု‌ရှိစေခြင်း

(၈) မိမိအစိုးရ၏ ဆောင်ရွက်ချက်များအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း

(၉) အဂတိလိုက်စားမှုကင်းအောင် စီမံဆောင်ရွက်ခြင်း

(၁၀) တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို မြှင့်တင်ခြင်း

(၁၁) လူမျိုးရေး ဘာသာရေး မခွဲခြားခြင်း

(၁၂) နိုင်ငံသားတိုင်း တန်းတူညီမျှစွာ အခွင့်အရေးရစေခြင်း

(၁၃) အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အ‌ရေးများကို ကာကွယ်စောင့်ရှောက်ခြင်း

(၁၄) ပြည်သူ့ဆန္ဒနဲ့ ဒီမိုကရေစီတန်ဖိုးများကို လေးစားလိုက်နာခြင်း

(၁၅) နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိခြင်း

ဒီကနေ့ မြန်မာနိုင်ငံနဲ့ ပြည်သူတရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဏာရူး မင်းအောင်လှိုင်တို့ မိစ္ဆာဘီလူးတသိုက်ရဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အပေါ်မှာရေးပြတဲ့ အချက်အားလုံးနဲ့ ဆန့်ကျင်ဘက် အဖျက်လက္ခဏာတွေသာ ရှိတယ်ဆိုတာ အားလုံးလက်တွေ့ပဲ ဖြစ်ပါတယ်။

စစ်တိရစ္ဆာန် မကောင်းဆိုးဝါးတွေဟာ ပြည်သူ ပြည်သားတိုင်းရဲ့ အသက်နဲ့ ဘဝတွေကို မလုံခြုံအောင် ဥပဒေမဲ့သတ်ဖြတ်၊ တရားဥပဒေစိုးမိုးမှု နတ္ထိ၊ ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်စေပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီး၊ နိုင်ငံစီးပွားရေးကို ချွတ်ခြုံကျ ဆင်းရဲငတ်မွတ်စေခဲ့ပါတယ်။ တိုင်းပြည်အရင်းအမြစ် သယံဇာတတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို သူတို့အာဏာတည်မြဲရေးအတွက် အလဟဿဖြုန်းတီး၊ စာရင်းအင်း အချက်အလက် အမှားတွေနဲ့ ပြည်သူကိုလိမ်ညာ၊ သူတို့ဆောင်ရွက်ချက်တွေအပေါ် ပွင့်လင်းမြင်သာမှု‌ လုံးဝမရှိဘဲ ထင်တိုင်းကြဲနေကြဆဲ ဖြစ်ပါတယ်။

သူတို့ကျူးလွန်တဲ့ အမှားတွေနဲ့ စစ်ရာဇဝတ်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ အကျင့်ပျက် ခြစားမှုတွေ တင်းကြမ်းပြည့်နှက်စေပြီး တိုင်းပြည်ရဲ့ ပညာရေးစနစ်ကိုလည်း ဖွတ်ဖွတ်ကြေအောင် ဖျက်ဆီးခဲ့ကြပါတယ်။ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ ဖန်တီး၊ နိုင်ငံသားတိုင်း တန်းတူညီမျှတဲ့ အခွင့်အရေး မပေးဘဲ အခွင့်ထူးခံစနစ်ကို ထူထောင်ခဲ့ကြပါတယ်။

အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အ‌ရေး‌တွေကို ပယ်ပယ်နယ်နယ်ချိုးဖောက်၊ ဒီမိုကရေစီတန်ဖိုး အားလုံးကို မြေမှာချနင်းခဲ့ရုံသာမက လူ့ဂုဏ်သိက္ခာကိုစော်ကား၊ ပြည်သူ့ဆန္ဒမဲ အဆုံးအဖြတ်ကို မျက်ကွယ်ပြု ဆန့်ကျင်ပြီး နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာဖောက်ဖျက်လို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို လုယက်ခဲ့ကြတာမို့ နိုင်ငံရဲ့ အစိုးရတရပ် မဟုတ်ဘဲ အောက်တန်းစား ဓားပြဂိုဏ်းတဂိုဏ်းအဖြစ်သာ သတ်မှတ်ခံရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာလူငယ်မျိုးဆက်သစ်နဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးကလည်း မျိုးဆက်နဲ့ချီ ပေးဆပ်ခဲ့ရတာမို့ ခါးသီးတဲ့ ဘဝပေးအတွေ့အကြုံနဲ့ ပေးဆပ်မှုတွေကြောင့် မင်းအောင်လှိုင်တို့ စစ်မိစ္ဆာဘီလူးတအုပ်ကို အကြွင်းမဲ့ ရှင်းလင်းဖယ်ရှားနိုင်မှသာ ငရဲတွင်းနက်ထဲကျသလို မိမိတို့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေက လွတ်မြောက်လို့ သာယာအေးချမ်း ကောင်းမွန်တဲ့ နိုင်ငံတော်သစ် တည်နိုင်မယ်ဆိုတာကို အကြွင်းမဲ့ နားလည်ခဲ့ကြတာမို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ကြီးဆိုတာ နှလုံးသားအသိ ရဲရဲရင့်ရင့် ဇွဲလုံ့လပြင်းပြစွာ ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ပန်း‌တွေ ကြွေစေတဲ့၊ အစားပြန်မရနိုင်တဲ့ ကြယ်တွေ ချွေချနေတဲ့ စစ်ဓားပြ မကောင်းဆိုးဝါးတအုပ်ကို မြန်မာ့လူ့ဘောင်ကနေ အပြီးတိုင် အမြစ်ဖြတ် ရှင်းလင်းသုတ်သင်နိုင်ပြီး အစိုးရမဲ့ အဓမ္မနိုင်ငံတော်ကို လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နိုင်မယ့် ပန်းတိုင်းပွင့်စေ၊ ပန်းတိုင်းမွှေးမြစေမယ့် ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ ပြည်သူ့အစိုးရတရပ်‌ ပေါ်ထွန်းလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတာဟာ ပန်းတိုင်နဲ့ လက်တကမ်းမှာ ရောက်ရှိပြီမို့ တကမ္ဘာလုံးက စံပြုအားကျရမယ့် သမိုင်းသင်ရိုးသစ် ကမ္ပည်းထိုးလုပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013