DVB Logo
Home
Lead Story
ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ကို တပ်ချုပ်နှင့် ဒုချုပ်အဖြစ် ခန့်အပ် 
DVB
·
March 30, 2026
Photo: DSINFO
Photo: DSINFO
Donate to DVB

သမ္မတဖြစ်ချင်တဲ့ စစ်ခေါင်းဆောင်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးချုပ်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ်နေရာတွေကို သူရဲ့လူယုံ ၂ ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ကို မတ် ၂၈ ရက်မှာ လွှဲပြောင်းပေးခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ မတ် ၃၀ ရက် ဒီကနေ့  စတင် တာဝန်ထမ်းဆောင်မှာဖြစ်ကြောင်း မတ် ၂၈ ရက် ည ၈ နာရီသတင်းအပြီး စစ်တပ်ဝါဒဖြန့်သတင်းဌာနဖြစ်တဲ့ မြဝတီရုပ်သံ LiveStream မှာ ကြေညာခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

“အစဥ်အလာအရ ဒုချုပ်ကနေ တပ်ချုပ်မဖြစ်ဘူးဆိုတာ သိပေမဲ့  တပ်ထဲမှာရှိတဲ့သူတွေ အားလုံးက ဦးစိုးဝင်းကို ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက် တပ်ချုပ်အဖြစ်နေပြီးမှ တာဝန်လွှဲပေးစေချင်တာ။ ရဲဝင်းဦးနဲ့ ကျော်စွာလင်းကို ချက်ချင်းခန့်လိုက်တော့ တပ်ထဲမှာ ကျေနပ်မှုမရှိပေမဲ့ ဒုချုပ်ကိုယ်တိုင် မှာထားတဲ့စကားရှိတော့ အားလုံးက ငြိမ်နေလိုက်တာ။”

တပ်မတော်နေ့အခမ်းအနား ပြီးဆုံးတဲ့နောက်ပိုင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဘယ်သူဦးဆောင်သည်ဖြစ်စေ နိုင်ငံတော်ရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားဖို့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ် ၂၆ ရက် နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ပြုလုပ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးများ ကန်တော့ပွဲမှာ ပြောဆိုခဲ့ပါတယ်။

ခုန်ပျံကျော်လွှားစနစ်နဲ့ စရဖချုပ်ကနေ တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးမှာ ၁၉၈၇ ခုနှစ်က OTS ၇၇ ကျောင်းဆင်းခဲ့ပြီး ၁၉၈၈ ကနေ ၂၀၀၉ ခုနှစ်အထိ ခြေလျင် ခြေမြန်တပ်ရင်းတွေမှာ ဗိုလ်ကြီးကနေ ဗိုလ်မှူးအထိ တာဝန်ယူခဲ့ကာ ၂၀၁၀ မှာ ဒုဗိုလ်မှူးကြီး၊ ၂၀၁၂ ကနေ ၂၀၁၄ အထိ တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး၊ ၂၀၁၆ မှာ ဗိုလ်မှူးချုပ် မင်္ဂလာဒုံစစ်ဆေးရုံအုပ်ကြီး၊ ၂၀၁၈ မှာ အနောက်တောင်တိုင်း တိုင်းမှူး၊ ၂၀၂၀ ပြည့်နှစ်မှာ ဒုဗိုလ်ချုပ်ကြီး စရဖချုပ်၊ ၂၀၂၄ ခုနှစ် သြဂုတ် ၂၂ ရက်မှာ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က တပ်ချုပ်နေရာပေးဖို့အတွက် မတ် ၂ ရက်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တာဝန်ယူထားတဲ့ ကာကွယ်ရေဦးစီးချုပ် (ကြည်း) ရာထူးကို ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ နေရာကို တခါမှ စစ်မတိုက်ဖူးပဲ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးခဲ့တဲ့ကိစ္စအတွက်လည်း ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒုချုပ်နေရာကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးတယ်ဆိုတော့ သူက စစ်တိုက်ဖူးလို့လား။ အမှန်တကယ်ဆို စစ်ရုံးကနေ ရာထူးတက်လာတဲ့သူကို ပေးမဲ့အစား မြေပြင်မှာ တိုက်ပွဲကို ကွပ်ကဲနေတဲ့ စကထမှူးတွေကို ပေးသင့်တာ။ ၁၀၂၇ စစ်ဆင်ရေးလို နောက်ထပ်ဖြစ်လာရင် သူကိုင်တွယ်ပုံနဲ့ဆိုရင် တပ်က လူတောင်ရှိမှာမဟုတ်ဘူး။”

ဒုချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ ၁၉၈၉ ခုနှစ်က DSA အပတ်စဥ် ၃၅ ကျောင်းဆင်းခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ စစ်ဦးစီးရုံးမှာ ဒုဗိုလ်ကနေ ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ကာ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိ ​ဖြစ်လာခဲ့ပါတယ်။

အဲဒီကနေ ဗိုလ်မှူးရာထူးတိုးပြီး ၂၀၀၀ ပြည့်နှစ်မှာ နေပြည်တော် ပျဉ်းမနား ခမရ ၄၁၁ တပ်ရင်းမှူး၊ ၂၀၀၆ ခုနှစ်မှာ တာချီလိတ်စစ်ဗျူဟာအခြေချ ဗျူဟာမှူး၊ ၂၀၁၆ ခုနှစ်မှာ စကခ ၆ စကခမှူး၊ ၂၀၁၈ ခုနှစ်မှာ လပခတိုင်းမှူး၊ ၂၀၁၉ ခုနှစ်မှာ ဗိုလ်ချုပ်အဆင့် ရာထူးတိုးပြီး ၂၀၂၀ ပြည့်နှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို တိုးကာ စစ်ထောက်ချုပ်နဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ၂၀၂၄ မှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးကို တိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် စစ်တက္ကသိုလ် အပတ်စဥ် ၃၈ ဆင်း အမှတ် ၅ ကထစမှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက အာဏာသိမ်းစစ်ခေါင်းဆောင် လက်ထက်အထိ ကာကွယ်ရေးဦးစီးချုပ် ၁၀ ယောက်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်တွေကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မှူးချုပ်လက်ျာ၊ ဒုဗိုလ်ချုပ်ကြီး စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဖြစ်ပါတယ်။

အခု အာဏာသိမ်းစစ်ခေါင် နေရာပေးလိုက်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ ၁၁ ယောက်မြောက် ကာကွယ်ရေးစီးချုပ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013