
ရှမ်းမြောက်က တိုက်ပွဲတွေ ဦးဆောင်ရာမှ စံချိန်တင်ရှုံးနိမ့်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို တပ်ချုပ်အသစ်က ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ထိုးစစ်အတွက် တာဝန်ပေးထားတယ်လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရှုံးပွဲတွေ စံချိန်တင်ခဲ့ပေမဲ့ တရုတ်နိုင်ငံအကူအညီနဲ့ ရှမ်းမြောက်က မြို့တချို့ ပြန်ရတဲ့အခါမှာ အမှတ် ၂ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး၊ ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို ကထစမှူး ၃ တာဝန်ကို စစ်ခေါင်းဆောင်က ပေးထားခဲ့တာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“ကထစမှုး ၂ နေရာကို ဗိုလ်ချုပ်ဇော်မင်းလတ်ကို ပေးပြီး သူ့ကို ကထစမှူး ၃ ခန့်လိုက်တာ ကစထ ၃ က အရင်က ပဲခူးနဲ့ ရခိုင်ပဲ။ ဒါပေမဲ့ တပ်ချုပ်အသစ်လက်ထက်မှာ ပဲခူးတိုင်းကို ကစထ ၅ နယ်မြေထဲ ထည့်ပြီး ကစထ ၅ နယ်မြေထဲက ဧရာဝတီတိုင်းကို ကထစ ၃ ထဲ ထည့်လိုက်တော့ သူက ရခိုင်နဲ့ ဧရာဝတီကို တာဝန်ယူရတာ။ တပ်ချုပ်အသစ်လက်ထက်မှာ ကထစမှူး ၁၊ ၂၊ ၃၊ ၄ အထိသာ ခန့်ထားပြီး ရန်ကုန်နဲ့ ပဲခူးတိုင်းကို တာဝန်ယူရတဲ့ အမှတ် ၅ စစ်ဆင်ရေးအထူးအဖွဲ့ကို မခန့်ရသေးဘူး။”
စစ်အာဏာရှင် တပ်မှာ ဗိုလ်ချုပ်နိုင်နိုင်ဦးမှာ ကံအကောင်းဆုံး စစ်ဗိုလ်ချုပ်တယောက်ဖြစ်ပြီး၂၀၂၄ ခုနှစ် အရှေမြောက်တိုင်းစစ်ဌာနချုပ် MNDAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ချိန်မှာ ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးပေးခဲ့တာဖြစ်တာလို့ ရမခနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“အရာရှိတွေထဲမှာ ကံအကောင်းဆုံးပဲ။ ရမခ ကျတော့ ဒုဗိုလ်ချုပ်ကြီးရာထူး တိုးသွားတယ်။ သူ ကစထမှူး ဖြစ်တော့ ဗိုလ်ချုပ်တွေ အဖမ်းခံရတယ်။ အရန်အင်အားကို ခဏပဲ ရောက်တယ်။ ပြီးတော့ စစ်ဘက် ပြန်ရောက်လာတယ်။ သူနဲ့ တပတ်စဥ်တည်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဒုချုပ်ဖြစ်တော့ သူ ကစထမှူး ၃ ပြန်ဖြစ်လာတယ်။ ကထစမှူး ၃ နေရာရပေမဲ့ အခုချိန်ထိ ရခိုင်ကို ကပ်လို့မရသေးဘူး” လို့ ပြောပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော် AA က အမ်း၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင် စတဲ့ မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားပြီး စစ်တပ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့သာ အုပ်ချုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ကစထမှူး ၃ ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဟာ စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်း ဖြစ်ပြီး စစ်တပ်မှာ တတိယမြောက် အကြီးဆုံးရာထူးဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ တပတ်စဉ်တည်း အတူတူ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။










