DVB Logo
Home
နိုင်ငံတကာ
ကန်ကျနပူရီတွင် ဒုတိယကမ္ဘာစစ်တွင်းက ဖောက်ထားသည့် လျှို့ဝှက်ဥမင်လိုဏ်ခေါင်း တွေ့ရှိ 
DVB
·
April 4, 2024
ကန်ကျနပူရီတွင် ဒုတိယကမ္ဘာစစ်တွင်းက ဖောက်ထားသည့် လျှို့ဝှက်ဥမင်လိုဏ်ခေါင်း တွေ့ရှိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ ဒုတိယကမ္ဘာစစ်တွင်းက ဂျပန်တွေ ဖောက်လုပ်ထားတဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတခု တွေ့ရှိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ဥမင်လိုဏ်ခေါင်းမှာ ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု အမှတ် ၃၂၃ လမ်းမကြီးနဲ့  မီတာ ၁၀၀ အကွာ တောင်ပေါ်မှာရှိပြီး ရွာသား ၂ ဦးက ပြီးခဲ့တဲ့  မတ် ၃၁ ရက်မှာ တွေ့ရှိခဲ့တာပါ။ 

အဲဒီနောက် ဒေသအာဏာပိုင်တွေကို အကြောင်းကြားပြီး တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးကြည့်ရှုရာမှာ ဥမင်လိုဏ်ခေါင်းအကျယ် ၂ မီတာ၊ အမြင့် ၁၈၀ မှ ၁၉၀ စင်တီမီတာ (၂ မီတာခန့်)၊ နဲ့ အရှည် ၃၅ မီတာရှိကြောင်း၊ လိုဏ်ခေါင်းထဲမှာ အပူချိန် ၂၄ မှ ၂၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့အတွက် နေလို့ကောင်းတဲ့ အပူချိန်ရှိတယ်၊ လိုဏ်ခေါင်းနံရံမှာ မီးအိမ်/ မီးလင်းဖိုထားတဲ့ နေရာတွေတူးထားပြီး ကျောက်တုံးကို တိုင်လိုလုပ်ထားတယ်၊ လိုဏ်ခေါင်း အနောက်ဘက် အပေါက်ကနေ ထွက်လိုက်ရင် မြန်မာနယ်စပ်တောအုပ်ကြီးထဲ ရောက်သွားတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အဲဒီလိုဏ်ခေါင်းဟာ ဒုတိယကမ္ဘာစစ်တွင်းက မြန်မာဘက်ကို စစ်သွားတိုက်မယ့် ဂျပန်စစ်သားတွေ တူးဖော်ထားခဲ့တာဖြစ်နိုင်ပြီး မဟာမိတ်တပ်ရဲ့ လေကြောင်းကဗုံးကြဲမှုကို ကာကွယ်ဖို့အပြင် မြန်မာဘက်ကို စစ်လက်နက်တွေသယ်ဆောင်ဖို့၊ သေမင်းတမန်ရထားလမ်း ဆောက်လုပ်ရေးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ သယ်ဆောင်ဖို့ လမ်းကြောင်းအဖြစ် အသုံးပြုတာဖြစ် နိုင်တယ်လို့  ဒေသအာဏာပိုင်တွေက သုံးသပ်ပါတယ်။ 

ဂျပန်တွေ ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန်ရထားလမ်းဟာ ထိုင်းနိုင်ငံ ဆန်ခလပူရီမြို့နယ် နောင်ပလာဒုတ်ဘူတာ နဲ့  မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်ဘူတာကို ဆက်သွယ်ထားပါတယ်။ 

စစ်သုံ့ပန်းနဲ့ ဒေသခံ မြန်မာတိုင်းရင်းသား သောင်းနဲ့ချီ လုပ်အားပေးခဲ့ရပြီး ဝေးလံခက်ခဲတဲ့ အရပ်မှာ လုပ်ရတာကြောင့် အစာရေစာငတ်ပြတ်တာ၊ ကျန်းမာရေးထိခိုက်တာတွေကြောင့် ဒီရထားလမ်းအတွက် လူပေါင်း ၁၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရလို့ သေမင်းတမန်ရ ထားလမ်း အဖြစ် အမည်တွင်ခဲ့ပါတယ်။  ရထမ်းလမ်းမပြီးခင် ဒုတိဘကမ္ဘာစစ်ပြီးဆုံးသွားတာကြောင့် အဆိုပါလမ်းမှာ ရထားပြေးဆွဲခုတ်မောင်းခြင်းမရှိခဲ့ပါဘူး။ 

လိုဏ်ဂူတွေ့ကြောင်း သတင်းတွေထွက်ပေါ်လာတော့ Nippon TV ဂျပန်သတင်းဌာနကလည်း  ဧပြီ ၃ ရက်က ထိုင်းအခြေစိုက် သတင်းထောက်တွေ စေလွှတ်ပြီး လာရောက်ရိုက်ကူးသွားပါတယ်။ 

အဆိုပါတောင်တန်းတွေပေါ်မှာ နောက်ထပ်ဥမင်လိုဏ်ခေါင်းတွေ ရှိလိမ့်ဦးမယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆပြီး ဆက်လက်လေ့လာရှာဖွေရေးတွေ လုပ်သွားမှာဖြစ်ကြောင်း၊ နောင်လာနောက်သားနဲ့ သုတေသနသမားတွေ လာရောက်လေ့လာနိုင်ဖို့၊ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရဖို့  ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်လည်ပတ်လေ့လာနိုင်တဲ့ နေရာတခုအဖြစ် မွမ်းမံတိုးမြှင့်သွားမယ်လို့ ဆန်ခလပူရီ မြို့နယ်အုပ်ချုပ်ရေးမှူးက သတင်း ထောက်တွေကို ပြောသွားပါတယ်။ 

Source - JoCho News / MGROnline / Kanchanaburi News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013