DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို နယူးဇီလန်က ဖိတ်သည့်အပေါ်  ဝေဖန်ကန့်ကွက်
DVB
·
April 3, 2024
မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို နယူးဇီလန်က ဖိတ်သည့်အပေါ်  ဝေဖန်ကန့်ကွက်
Donate to DVB

အခုလထဲမှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ-နယူးဇီလန် အစည်းအဝေးကို တက်ရောက်ကြမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့ နယူးဇီလန်ရောက် မြန်မာတွေက  အစိုးရကို တောင်းဆိုနေတယ်လို့ နယူးဇီလန်အခြေစိုက် RNZ သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက ကျင်းပခဲ့တဲ့ အာဆီယံ-ဩစတြေးလျ ဆက်ဆံရေး နှစ် ၅၀ ပြည့် ထိပ်သီးအစည်းအဝေးမှာတော့ စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရခဲ့ပေမဲ့ ခုတခါ နယူးဇီလန်မှာ ဧပြီ ၁၈ ရက်ကနေ ၁၉ ရက်အထိ ကျင်းပမယ့် ဒီအစည်းအ‌ဝေးကို ဖိတ်ကြားတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။

NZ Myanmar Communities အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မစန္ဒာစိုးက မြန်မာစစ် ကောင်စီကို လက်ခံကျင်းပတာက နယူးဇီလန်နိုင်ငံရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ထောက်ခံမှုကို ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

“မြန်မာမှာ လွန်ခဲ့တဲ့ သုံးနှစ်ကျော် စစ်အုပ်စုက အာဏာသိမ်းယူပြီးကတည်းက နယူးဇီလန်နဲ့ သြစတြေးလျက တရားမဝင် စစ်ကောင်စီ အရာရှိတွေကို သူတို့ လက်ခံကျင်းပတဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးခဲ့ပါဘူး။ အခု ဒီလိုလုပ်တာကတော့ ထိတ်လန့်စရာ အကျည်းတန်တဲ့ စံနမူနာတခု ဖြစ်လာပါလိမ့်မယ်။”

ဒါ့အပြင် သူတို့အဖွဲ့က သြစတြေးလျနိုင်ငံနဲ့ လိုက်လျောညီထွေရှိစေဖို့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို နိုင်ငံအတွင်း အစည်းအဝေးတွေ တက်ရောက်ခွင့်တွေ ဟန့်တားနိုင်ဖို့အတွက် ထိရောက်တဲ့ ဗီဇာပိတ်ပင်မှု ပြုလုပ်ဖို့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာစ်ကိုလည်း တောင်းဆိုခဲ့ကြတာပါ။

မစန္ဒာစိုးက စစ်အုပ်စုဟာ ပြည်သူတွေက အာဏာအပ်နှင်းထားတာမဟုတ်ပဲ ရွေးကောက်ပွဲကနေ ဆင်းသက်လာတာ မဟုတ်တာကြောင့် မြန်မာစစ်ကောင်စီဟာ တရားမဝင်ကြောင်းနဲ့ နယူးဇီလန် အစိုးရရဲ့ ခုလိုလက်ခံဖိတ်ခေါ်မှုက မှားယွင်းတဲ့ သတင်းစကားပေးမှု ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေကို တက်ခွင့်မပြုဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ မြန်မာကိုယ်စားလှယ်တွေသာ တက်ရောက်ခွင့်ပြုမယ်လို့ အာဆီယံက ဆုံးဖြတ်ခဲ့ပြီး လာအိုနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းက ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို စေလွှတ်ခဲ့ ပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်အာဏာသိမ်းလိုက်ပြီးချိန်ကတည်းက ပိုမိုဆိုးရွားလာတဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၂၀၂၃ ခုနှစ်ကုန်တဲ့အချိန်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ အရေအတွက် ၂ ဒသမ ၆ သန်းအထိ ရှိလာခဲ့ပါတယ်။

အာဆီယံဟာလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တွေ တယောက်ပြီးတယောက် ခန့်အပ်ပြီး မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ဘေးဒုက္ခကြုံနေရသူတွေဆီကို လူမှုကူညီရေးထောက်ပံ့ကူညီမှုတွေပေးအပ်ဖို့ ဆောင်ရွက်နေကြပေမဲ့ အလှည့်ကျ ဥက္ကဋ္ဌ သုံးဆက်ပြောင်းခဲ့ပြီး သုံးနှစ် ရောက်လာသည်အထိ  မြန်မာ့အရေးအတွက် ရေရေရာရာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။

Source: RNZ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013