DVB Logo
Home
မြန်မာသတင်း
ကမ်းထောင်းကြီးမြို့ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
DVB
·
April 3, 2024
ကမ်းထောင်းကြီးမြို့ကို စစ်တပ်ကလေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ဧပြီ ၂ ရက်နေ့ ညနေမှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကမ်းထောင်းကြီးမြို့ကို မတ် ၂ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ် ၂ စီး ရောက်လာပြီး တိုက်ခိုက်ခဲ့တာလို့ ကမ်းထောင်းကြီး ကျေးရွာသားတဦးက ပြောပါတယ်။ 

“ညနေ ၅ နာရီ ၁၀ မိနစ်နဲ့ မိနစ် ၃၀ ကြားမှာ ဂျက်လေယာဥ် ၂ စီးနဲ့လာပြီး ဗုံးကြဲသွားတာ။ အရပ်သား ၃ ဦးကတော့ နေရာမှာတင် သေဆုံးသွားပြီးတော့ နောက်ထပ် ၃ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရသွားတယ်။ လူနေအိမ်တချို့လည်း မီးလောင်နေပြီးတော့ ပျက်စီးသွားတာတွေလည်း ရှိတယ်။” 

​စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ ကမ်းထောင်းကြီးမြို့ မြစ်နားတန်းရပ်ကွက်က ဦးထွန်းကြည် (၆၄ နှစ်)၊ ဦးမြင့်ရွှေ (၄၁ နှစ်)နဲ့ ကိုစည်သူမျိုးအောင် (၂၁ နှစ်)တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ကမ်းထောင်းကြီးမြို့ကို မတ် ၂၄၊ ၂၉ နဲ့ ၃၁ ရက်တွေမှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ပြီး  ဆေးရုံဝန်ထမ်းတဦးအပါဝင် အရပ်သား ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

ကမ်းထောင်းကြီးမြို့ကို ၁၀ ရက်အတွင်းမှာ စစ်ကောင်စီက လေးကြိမ်အထိ ဗုံးကြဲ တိုက်ခိုက်တာဟာ အရပ်သားတွေကို တမင်ရည်ရွယ်ပြီး လာရောက်တိုက်ခိုက်နေတာလို့  မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

“မတ်လ ၂၄ ရက်နေ့ကနေ ဒီနေ့ ဧပြီ ၂ ရက်နေ့အထိ ၁၀ ရက်အတွင်းမှာ လေကြောင်းကနေ ၄ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ကတည်းက စစ်ကောင်စီက အရပ်သားတွေကို ရည်ရွယ်ပြီး လာတိုက်တယ်ဆိုတာ သိသာနေပြီ။ ဒီမြို့က ဘာလက်နက်ကိုင်တပ်မှ တပ်စွဲထားတာလည်း မရှိသေးဘူး။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာကြောင့် မြို့သားတွေကလည်း မြို့ထဲမှာ မနေရဲကြတော့ဘူး။ အကုန်လုံးနီးပါးတိမ်းရှောင်နေကြရတယ်။” 

ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုထက်မနည်းမှာ မတ်လအတွင်းက စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေကြောင်း အရပ်သား သေဆုံးသူ ၃၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ နီးပါးအထိ ရှိခဲ့ပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်သလို သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်ကိုင်နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရက္ခိုင့်တပ်တော်ဘက်က သိမ်းပိုက်ထားတာ ၁၀ မြို့အထိ ရှိလာပြီး စစ်ကောင်စီဘက်ကလည်း အဲဒီမြို့တွေကို လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ မတ်လကုန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၅၀၀ ကျော်အထိ ရှိလာပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013