DVB Logo
Home
မြန်မာသတင်း
သံတွဲနှင့် ကမ်းထောင်းကြီးကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၁၅ ဦးသေပြီး အများအပြားဒဏ်ရာရ
DVB
·
September 26, 2024
သံတွဲနှင့် ကမ်းထောင်းကြီးကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၁၅ ဦးသေပြီး အများအပြားဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက် ညနေနဲ့ ၂၆ ရက် မနက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၅ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသာယာရပ်ကွက်ရှိ မြောက်ကျောင်းနဲ့ ကျောင်းအနီးရှိ နေအိမ်တွေမှာ ဗုံးကျရောက်ပြီး အရပ်သား ၂ ယောက် သေဆုံး၊ ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

ကမ်းထောင်းကြီးမြို့ခံတယောက်က “စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာတိုက်ခိုက်သွားတာ။ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ ၃၈ နှစ်အရွယ်အမျိုးသားတဦး သေဆုံးသွားတယ်။ နောက်ထပ် ဥပုသ်ဆောက်နေကြတဲ့ အရပ်သား ၆ ဦးနဲ့ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ပါပြီးတော့ အရေးပေါ် ဆေးကုသနေကြရတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းထောင်းကြီးမြို့ ရွာသာယာရပ်ကွက်က မရွှဇင်ဝင်း (၁၁ နှစ်) နဲ့ ဦးမောင်သန်းဌေး (၃၈ နှစ်) တို့ သေဆုံးပြီး ၁၁ နှစ်အရွယ် မထက်ထက်အေးနဲ့ ဦးနီနီကျော်၊ ဦးမောင်သောင်းယဉ်၊ ဒေါ်သိန်းရွှနု၊ ဦးကျော်မြ၊ ဒေါ်ကျော့စိန်လှ၊ ဦးအောင်လှဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီဝန်းကျင်ကလည်း သံတွဲမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင် ၁၃ ယောက်သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သံတွဲဒေသခံတယောက်က ပြောပါတယ်။

“ဒီနေ့မနက်ပိုင်း ၈ နာရီလောက်မှာ စစ်ကောင်စီက စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့ မြို့တော်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်။ သေဆုံးသူကတော့ ကလေးတွေအပါဝင် ၁၃ ဦးရှိတယ်။ နောက်ထပ် ၂၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်။ အသေးစိတ်အချက်အလက်တွေကတော့ ကောက်ယူနေတုန်းပဲရှိသေးတယ်။” 

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာမှု အသေးစိတ် အချက်အလက်တွေကို DVB က စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီက အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် တပြိုင်နက်တည်း ကျူးလွန်နေတာလို့ ရခိုင် လူ့အခွင့်အရေးလှုပ်ရှားသူတယောက်က ပြောပါတယ်။

“စစ်ကောင်စီက စစ်တပ်ချင်း တိုက်မနိုင်တဲ့အခါ အရပ်သားတွေနဲ့ စစ်ရှောင်တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာဖြစ်တယ်။ ဒီဟာတွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် တပြိုင်နက်တည်း ကျူးလွန်နေတာဖြစ်တယ်။ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်နေမှုကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။” 

စက်တင်ဘာ ၂၂ ရက်ကလည်း စစ်ကောင်စီက သံတွဲမြို့နယ် ပေါက်တူကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာသား ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

စက်တင်ဘာ တတိယအပတ်ကစပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးသူ ၃၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရှိသူ ၅၀ နီးပါး ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013