
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ငဝန်ရေကာတာ ကျိုးပေါက်တဲ့ အရှိန်ကြောင့် ကျေးရွာအများအပြားမှာ ဩဂုတ် ၄ ရက်ကစပြီး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဟင်္သာတမြို့နယ်အတွင်းရှိ တောင်ပို့တန်းကျေးရွာ၊ လဟာပကျေးရွာ၊ ချောင်းလေးကျေးရွာ၊ သောင်စုကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ရှမ်းစုကျေးရွာ၊ ရေကြည်ကွက်သစ်ကျေးရွာ၊ ချောင်လိန်ကျေးရွာ၊ စိုင်ပြွန်ကျေးရွာ၊ ရေကြည်ကုန်းကျေးရွာနဲ့ လိပ်ခုံးကျေးရွာ စတဲ့ကျေးရွာတွေမှာ နေအိမ်တွေ ရေနစ်မြုပ်မှု စတင်ဖြစ်ပွားလာပြီး တချို့နေရာတွေမှာ နေအိမ်တွေထဲကို ရေ ၅ ပေလောက်အထိ ဝင်ရောက်နစ်မြုပ်နေပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတယောက်က “တချို့နေရာတွေက ဒေသခံတွေက ကြိုတင်ပြောင်းရွှေ့နေကြတယ်။ တချို့ကတော့ မပြောင်းသေးဘူး။ လေးမျက်နှာလောက် အခြေအနေ မဆိုးဘူးဆိုပြီး မပြောင်းကြတာ။ ရေကတော့ အတော်ဝင်နေပြီ” လို့ ပြောပါတယ်။
ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား ရေစတင်ဝင်ရောက် နစ်မြုပ်နေတဲ့အပြင် တလုပ်ထော်-လေးမျက်နှာသွား ကားလမ်းမပေါ်မှာလည်း ရေ ၃ ပေလောက်အထိ ကျော်လွန်စီးဆင်းနေပါတယ်။
အဆိုပါ ရေဝင်ရောက်မှုကြောင့် ဟင်္သာတမြို့နယ်မှာ လတ်တလော လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု မရှိသေးပါဘူး။
ဇူလိုင် ၃၁ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာ၊ တာမိုင် ၂၅ မိုင် ၃ ဖာလုံအနီးရှိ ငဝန်ရေကာတာဟာ မိုးအဆက်မပြတ် ရွာသွန်းလို့ ကျိုးကျခဲ့ပြီးနောက် လေးမျက်နှာမြို့နယ် တခုလုံး ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံစားနေရပါတယ်။










