DVB Logo
Home
မြန်မာသတင်း
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ၂၅ နှစ်ပြည့် ချင်းမိုင်တွင် ကျင်းပ
DVB
·
March 31, 2024
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ၂၅ နှစ်ပြည့် ချင်းမိုင်တွင် ကျင်းပ
1 / 7
Donate to DVB

ရှမ်းအမျိုးသမီးထုနဲ့ ကလေးငယ်အရေးအပါအဝင် ရှမ်းလူမှုအသိုင်းအဝန်းရဲ့ အရေးကိစ္စတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း)အဖွဲ့ တည်ထောင်တာ ၂၅ နှစ်ပြည့် အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မတ် ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

၂၅ နှစ်တာ ကာလအတွင်း စွမ်းဟာ အမျိုးသမီးရေးမူဝါဒကို စွဲကိုင်ပြီး ကျား-မ တန်းတူရေးနဲ့ ရှမ်းအမျိုးသမီးတွေရဲ့အခွင့်အရေးတွေ မြှင့်တင်ရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ခေါင်းဆောင်တွေ ဖြစ်လာနိုင်စေရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။

စွမ်းရဲ့ ပူးတွဲတည်ထောင်သူ နန်းဆိုင်နောင့်က “ကိုယ့်ရှေ့ မြင်နေရတဲ့ အခက်အခဲတွေ ရှမ်းအမျိုးသမီးတွေရဲ့ ဒုက္ခတွေ ရှိတယ်။ တွေ့ကြုံခံစားနေရတဲ့ အခြေအနေ တွေရှိတယ်။ အဲ့ဒါတွေကို အမျိုးသမီးတွေက သူ့နေရာ ဒေသအလိုက်ပေါ့နော်၊ နယ်စပ်တလျှောက်မှာရော ချင်းမိုင်မှာရော ဘန်ကောက်မှာရော အဲ့လိုမျိုး မတူတဲ့ တဦးချင်း လှုပ်ရှားမှုတွေ ရှိတယ်။ ဆိုတော့ အဲ့ဒီအမျိုးသမီးတွေကို စုစည်းလိုက်တာပဲ။ ၁၉၉၉ ခုနှစ်မှာ ကိုယ်တွေက ဒီလိုမျိုး ပူးပေါင်းပြီးတော့မှ လုပ်တယ်ဆိုရင် ပိုပြီးတော့မှ အားကောင်းမယ်ဆိုပြီး စုစည်းလိုက်တာ။ အဲဒီလှုပ်ရှားမှုတွေကို စုလိုက်တော့ ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း ဆိုပြီး ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

စွမ်းအဖွဲ့ရဲ့ ထင်ရှားတဲ့ သမိုင်းမှတ်တိုင် လှုပ်ရှားမှုတခုကတော့ ၂၀၀၂ ခုနှစ်မှာ စွမ်းနဲ့ သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်တို့ ပူးပေါင်းရေးသားခဲ့တဲ့ မုဒိမ်းကျင့်ခွင့်လိုင်စင် အစီအရင်ခံစာ ထုတ်ဝေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကြောင့် စွမ်းအဖွဲ့အပေါ် အသိအမှတ်ပြုမှု၊ လေးစားမှုများစွာ ရရှိခဲ့သလို စိန်ခေါ်မှု များစွာလည်း ရင်ဆိုင်ခဲ့ရပါတယ်။

စွမ်းရဲ့ ဆက်သွယ်ရေးတာဝန်ခံ ခမ်းမိုင်က  “အနာဂတ် စွမ်းရဲ့ အစီအစဉ်လို့ ပြောရမယ်ဆိုရင် အခုလက်ရှိ ကျမတို့ လုပ်နေတဲ့၊ ကျမတို့ရဲ့ ရည်ရွယ်ချက်၊ ကျမတို့ အဓိကဦးတည်ပြီး လုပ်နေတဲ့ လူမှုရေး၊ အမျိုးသမီးရေး၊ ကျမတို့ရဲ့နယ်မြေမှာ တရားမျှတမှု ရရှိရေးတွေ၊ လူ့အခွင့်အရေးတွေကိုလည်း ရစေဖို့၊ အမျိုးသမီးတိုင်း လူသားတိုင်း လူ့အခွင့်ရေးတွေကို ရရှိစေဖို့ ဆိုတဲ့ ဒီအခွင့်အရေးကို ကျမတို့ လုပ်နေတဲ့ဟာတွေကိုပဲ ပြန်ပြီးတော့မှ ဆက်လုပ်သွားဖို့ ရှိတယ်။ ဥပမာ ကျမတို့ရဲ့ မြန်မာနိုင်ငံ တနိုင်ငံလုံး ဖြစ်စေ၊ ကျမတို့ ရှမ်းပြည်အတွင်းမှာ တခုလုံးဖြစ်စေ၊ ဒီငြိမ်းချမ်းရေးကို ဖော်ဆောင်သွားဖို့ တစိုက်မတ်မတ် ဒီအမျိုးသမီးတွေနဲ့ ဒီပဋိပက္ခတွေကြားထဲမှာ၊ ဒီစိန်ခေါ်မှုတွေကြားထဲမှာ ဆက်လက်ပြီးတော့မှ ပြည်သူနဲ့အတူ ရပ်တည်ပေးဖို့တော့ ဒါကတော့ ကျမတို့ရဲ့ ရှေ့ဆက်အနာဂတ် ဆက်လုပ်သွားမယ့်ဟာပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

စွမ်းရဲ့ ငွေရတု အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်လာတဲ့ သတင်းစာဆရာ ဘာတေးလ် လင့်တနာ ကတော့ လွန်ခဲ့တဲ့ ၂၅ နှစ်က ရှမ်းအမျိုးသမီးအဖွဲ့ငယ်လေးတခု အဖြစ်နဲ့ စတင်ခဲ့တဲ့ စွမ်းဟာ အခုလို အောင်မြင်ခဲ့ပြီး သိပ်ကို အထင်ကြီး လေးစားဖို့ကောင်းတယ်လို့ ပြောပါတယ်။

ဘာတေးလ် လင့်တနာက “စွမ်းက သိပ်ကို အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုင်းမှာရော၊ ရှမ်းပြည်ထဲမှာပါ သူတို့ဟာ အာဏာမသိမ်းခင် အချိန်ကတည်းက ရှမ်းလူမျိုး အသိုင်းအဝိုင်းအတွက် တယောက်ပြီး တယောက် လက်ဆင့်ကမ်းပြီး အလုပ်တွေ လုပ်ပေးနေကြတာပါ။ ပြီးတော့ သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်သလို သိပ်ကိုဩဇာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေက အများကြီးပါပဲ။ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အကြမ်းမဖက် လှုပ်ရှားမှုတွေ၊ ပြီးတော့ အရေးပါလှတဲ့ကဏ္ဍတွေအတွက်လည်း များစွာသော အသိပညာပေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်၊ ဒီတော့ ဟုတ်ပါတယ် သူတို့ဟာ သိပ်ကို အရေးပါတဲ့ အဖွဲ့အစည်းတခုပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စွမ်း အဖွဲ့ကို လွန်ခဲ့တဲ့ ၂၅ နှစ်က ချင်းမိုင်ခရိုင် ထိုင်းရှမ်းနယ်စပ်တနေရာ မှာ ရှမ်းအမျိုးသမီး ၄၀ ဝန်းကျင်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စွမ်းဟာ အမျိုးသမီးအဖွဲ့အစည်းများရဲ့ ပထမဦးဆုံး တပ်ပေါင်းစုတခု ဖြစ်တဲ့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013