DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက်အတွက် အဝေးပြေးကား ကြိုတင်လက်မှတ်ရောင်းချရမှု များပြား
DVB
·
March 27, 2024
သင်္ကြန်ပိတ်ရက်အတွက် အဝေးပြေးကား ကြိုတင်လက်မှတ်ရောင်းချရမှု များပြား
Donate to DVB

လာမယ့် သင်္ကြန်ကာလပိတ်ရက်မှာ နေရပ်ပြန်မယ့်သူတွေ များပြားတဲ့အတွက် လက်မှတ်တွေ အရောင်းသွက်နေပြီး ကြိုတင်လက်မှတ်တွေသာ ဝယ်လို့ရနိုင်တော့မယ်လို့ အဝေးပြေးယာဉ်လိုင်းတွေကနေ သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းစာရင်း ကောက်နေပြီး  ပြည်သူတွေကြား စိုးရိမ်နေကြပေမဲ့ သင်္ကြန်ကာလ နေရပ်ပြန်ကြမယ့်သူတွေ ရှိနေတဲ့အတွက် အခုလို ကားလက်မှတ်တွေ အရောင်းသွက်နေတာပါ။

နှစ်စဉ် သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ နေရပ်ပြန်ကြမယ့်သူတွေ များလေ့ရှိပြီး လာမယ့် ဧပြီလမှာတော့ သင်္ကြန်ပိတ်ရက်ဟာ ၁၃ ရက်မှ  ၂၂ ရက်အထိ ရှိပါတယ်။

အဝေးပြေးကားလက်မှတ်တွေ အရောင်းသွက်နေတဲ့အတွက် ကြိုတင်လက်မှတ်ဖြတ်မှ ရနိုင်မယ်လို့ အဝေးပြေးယာဉ်လိုင်းတခုက  ပြောပါတယ်။ 

ကြိုတင်လက်မှတ်ဝယ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့တဲ့ လက်မှတ်တွေကို ပြန်ပြီး ရောင်းချပေးနေတွေလည်း  အရောင်းသွက်နေတယ်လို့ အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“လေးလပိုင်းအတွက်က လက်မှတ်တွေက ကြိုတင်ဝယ်မှရတော့မယ်။ ခုံတွေက အခုကတည်းက ကုန်နေပြီ။ Cancel ထားတဲ့ ခုံတွေပဲရှိတော့မယ်။ တချို့ကမှာပြီးတော့ မယူတော့ဘူး။ မပြန်ဖြစ်တော့ဘူးပေါ့။ အဲ့ဒီခုံတွေပဲ ကျန်တော့တာ။ ခုံကပြည့်ပြည့်နေတာ  ရ မရတော့ မသေချာဘူး၊ ယူမယ့်သူကရှိနေတော့လေ။ ဘွတ်ကင်လုပ်တဲ့သူဆိုလည်း ရသွားမှာပေါ့။ လူကိုယ်တိုင်လာဖြတ်ရင် ရချင်လည်းရမယ်၊ ခုံကုန်သွားရင်တော့ မရဘူးပေါ့။”

အဝေးပြေးယာဉ်လိုင်းတွေ စီးမယ့်သူတွေဟာ မှတ်ပုံတင်၊ ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်းထောက်ခံစာတွေ တပါတည်း ယူလာဖို့ လိုအပ်တယ်လို့လည်း ယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။

လမ်းမှာ စစ်ကောင်စီရဲ့ အစစ်အဆေးတွေများပြားတဲ့အပြင် အခုချိန်မှာလည်း ရန်ကုန်မှာ  ဧည့်စာရင်းစစ်တာတွေ ရှိနေတဲ့အတွက် လမ်းခရီးအတွက် စိတ်ပူနေရတယ်လို့ အလုပ်လာလုပ်သူတယောက်က ပြောပါတယ်။

“အခုကတည်းက ညီမတို့  ရန်ကုန်မှာ အလုပ်လာလုပ်တဲ့သူတွေတော့ တဖွဲဖွဲပြန်နေကြတယ် ဧရာဝတီတိုင်းက သူတွေပေါ့။ ရန်ကုန်မှာကလည်း ဧည့်စာရင်းတွေ ခဏခဏဝင်စစ်တော့ စိတ်ပူပြီး ပြန်ကြရတယ်။ တခြား တိုင်းတွေ ပြည်နယ်တွေကသူတွေဆိုရင် ပြန်ရမလား ဆက်နေရမလားဆိုတာ သူတို့လည်း ဝေခွဲမရဘူးဖြစ်နေတယ်။ လမ်းမှာ အစစ်အဆေးတွေကလည်း အရမ်းများတယ်။ လမ်းခရီးအတွက် စိတ်ပူနေရတဲ့အပြင် မှတ်ပုံတင်တွေ၊ ရပ်ကွက်ထောက်ခံစာတွေ၊ ရဲစခန်းထောက်ခံစာတွေပါမှ သွားလို့ ပြန်လို့ ရမယ်ဆိုတော့ မလွယ်ဘူးပေါ့။”

လက်ရှိ ရန်ကုန်မြို့ကနေ အဝေးပြေးကားစီးရေ ၇၅၀ နီးပါး နေ့စဥ်ပြေးဆွဲနေပြီး ခရီးသည် ၁၂,၀၀၀ နီးပါး လိုက်ပါလေ့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

သီဟ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013