DVB Logo
Home
မြန်မာသတင်း
အဝေးပြေးကားခ အဆမတန် မြင့်တက်နေသဖြင့် သင်္ကြန်ပိတ်ရက် ခရီးသွားများ ချင့်ချိန်နေရ
မြတ်သဇင်
·
April 10, 2026
  Photo : DVB
Photo : DVB
Donate to DVB

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် လောင်စာဆီ အကျပ်အတည်းဖြစ်ပေါ်လာကာ စက်သုံး ဆီဈေးတွေ ဆက်တိုက်တက်လာတာကြောင့် အဝေးပြေးကားလက်မှတ်ခတွေ အဆမတန် ဈေးတက်နေပြီး သင်္ကြန်ပိတ်ရက် နယ်ပြန်မယ့် ခရီးသွားပြည်သူတွေ ချင့်ချိန်နေရပါတယ်။ 

မကွေးတိုင်းကနေ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေတဲ့ ကိုကျော် (အမည်လွှဲ) က “မပြန်ဖြစ်ဘူး၊ ကားခတွေက ဈေးကြီးသွားတယ်။ ၇ သောင်းတဲ့၊ အရင်က ၃ သောင်းလောက်ပဲ ရှိတာ၊ နှစ်ဆလောက် တက်သွားတာပေါ့။ ပေါ်တာဆွဲတာလည်း ကြမ်းတယ်တဲ့၊ ရန်ကုန်မှာပဲ သင်္ကြန်ကျမယ်။"

ဒီနှစ် သင်္ကြန်ပိတ်ရက်မှာ အဝေးပြေးကားလက်မှတ်ခတွေ ဈေးကြီးလွန်းတာရယ်၊ အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေရယ်ကြောင့် မွေးရပ်မြေကို မပြန်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။

အခုလို ကားခတွေ အဆမတန် တက်လာရတာဟာ အရှေ့အလယ်ပိုင်းစစ်ပွဲ ဂယက်ကြောင့် မြန်မာနိုင်ငံမှာပါ လောင်စာဆီ အကျပ်အတည်းတွေ ကြုံလာရပြီး စက်သုံးဆီဈေးတွေ တရိပ်ရိပ် မြင့်တက်လာနေလို့ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှ သတင်းဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Mekong Eye ရဲ့ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ စက်သုံးဆီ ရှားပါးပြီး ဈေးတက်လာတဲ့အတွက် ခရီးသွားလာရေးစရိတ်တွေ မြင့်တက်လာကာ အဝေးပြေးကားလက်မှတ်ခတွေဟာ နှစ်ဆလောက်အထိ ထိုးတက်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဧပြီလဆန်းပိုင်းက ထုတ်ပြန်ထားတဲ့ Eleven Media ရဲ့ သတင်း နဲ့ Denko ဆီဆိုင်တွေရဲ့ ဈေးနှုန်းစာရင်းအရ ရန်ကုန်မှာ ၉၂ တလီတာကို ၄,၆၂၅ ကျပ်၊ ၉၅ တလီတာကို ၄,၇၈၀ ကျပ်၊ ရိုးရိုးဒီဇယ် ၅,၆၈၀ ကျပ်နဲ့ ပရီမီယံဒီဇယ် ၆,၈၀၅ ကျပ်အထိ ဈေးမြင့်တက်နေတာကို အတည်ပြု တွေ့ရှိရပါတယ်။

ဆီဈေးကြောင့် ကားခတွေ သုံးဆလောက် တက်သွားပေမဲ့ မိဘတွေနဲ့ တွေ့ချင်လို့ မဖြစ်မနေ ပြန်ခဲ့ရသူတွေလည်း ရှိပါတယ်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကနေ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ မမြင့် (အမည်လွှဲ) က ရန်ကုန်-မုံရွာ ကားခကို ၁ သိန်းအထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“မနှစ်က ပြန်တာ သုံးသောင်းပဲ ပေးရတယ်။ အခုတော့ ၁ သိန်းပေးရတယ်။ သုံးဆလောက် ဈေးတက်သွားတာ၊ မိဘတွေနဲ့ ဒီလို ပိတ်ရက်မှာပဲ ဆုံရတာလေ၊ ဈေးကြီးပေမဲ့လည်း မတတ်နိုင်ဘူး ပေးရမှာပေါ့။”

ဒီလို ဆီဈေးတက်တဲ့အတွက် ဈေးလိုက်တက်တာ အဝေးပြေးကားလက်မှတ်ခတွေချည်းပဲ မဟုတ်ပါဘူး။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ တက္ကစီခတွေပါ လိုက်တက်နေတာဖြစ်ပါတယ်။ ဆီဈေးကြောင့် တက္ကဆီခတွေလည်း ခုန်တက်သွားတယ်လို့ ရန်ကုန်မြို့ခံ ဦးမိုးက ပြောပါတယ်။

“တက်မှာပဲ၊ တက်မှာပဲ ဘာဖြစ်လို့လဲဆိုတော့ ဆီဈေးကတက်တာကိုး။ အစိုးရ ဈေးကိုက တက်တာလေ။ ပရီမီယံဆို ၆,၀၀၀ ကျော်သွားပြီ၊ ပရီမီယံ ဒီဇယ်က ၆,၈၅၀၊ ရိုးရိုး ဒီဇယ်က ၅,၆၀၀၊ ၉၂ က ၄,၆၂၅၊ ၉၅ က ၄,၇၈၀ အဲ့လို အဲ့လို ဈေးနှုန်းတွေက၊ တက္ကဆီခတွေကတော့ တက်တာပဲ ဟိုနားဒီနားတောင် ၅,၀၀၀ ဖြစ်သွားပြီ။ လှည်းတန်းလောက်ဆိုရင်ကို ၁၅,၀၀၀ ရက်စက်တယ်။"

လက်ရှိ မြန်မာနိုင်ငံမှာ စက်သုံးဆီအခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတင်သာမက ဆန်၊ အသား၊ ငါး၊ ဥ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း တရိပ်ရိပ် မြင့်တက်လာနေပါတယ်။ 

လွန်ခဲ့တဲ့ သီတင်း ၃ ပတ်အတွင်းမှာတင် ဆန်ဈေးနှုန်းတွေဟာ ၄ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကျော်အထိ သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုပြီး ကျပ်တည်းလာစေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013