DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် Delivery သမားများ ပစ်မှတ်ထား လုယက်ခံနေရ
DVB
·
March 25, 2024
ဧရာဝတီတိုင်းတွင် Delivery သမားများ ပစ်မှတ်ထား လုယက်ခံနေရ
Donate to DVB

ဧရာဝတီတိုင်းမှာ Delivery သမားတွေကို ပစ်မှတ်ထားပြီး ဓားထောက်၊ ဓားပြတိုက်၊ လုယက်တဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး Delivery လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ၂၀ ရက်အထိ ဧရာဝတီတိုင်းမှာ Delivery သမားတွေကို ပစ်မှတ်ထား လုယက်၊ ဓားပြတိုက်တဲ့ဖြစ်စဉ် ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပစ္စည်းပို့ပြီး ပြန်လာတဲ့အချိန်ကို အသင့်စောင့်ကာ ဓားထောက်၊ လုယက်၊ ဓားပြတိုက်တာတွေ လုပ်လာတဲ့အတွက် Delivery လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။

ပုသိမ်မှာ Delivery ပို့တဲ့လုပ်ငန်း လုပ်ကိုင်သူတဦးက “အခုက ကောင်းကောင်း လုပ်ကိုင်စားသောက်တော့လည်း အဆင်မပြေဘူး။ အသက်အန္တရာယ် ရန်ရှာခံရတဲ့အထိ ဖြစ်လာတယ်။ တနေ့က ပစ္စည်းပို့ပြီးပြန်လာတာ၊ ငွေနည်းနည်းပါတာပေါ့။ ငွေသား ၄ သိန်းကျော် ပါသွားတယ်။ သူတို့က နောက်ကနေလိုက်တာ။ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်၊ သူတို့မျက်နှာတွေတောင် သေချာမမြင်လိုက်ဘူး။ အနားရောက်တော့ ကျနော့်ဆိုင်ကယ်ကို တိုက်ချလိုက်တာ။ ကျနော်က တယောက်တည်းလေ၊ လဲသွားတော့ သူတို့ထဲက တယောက်က ကျောပိုးအိတ်ကို ဆွဲယူတာ။ ကျန်တဲ့သူတွေက ကျနော့်ကို ချုပ်ထားတာ။ လည်ပင်းကို အချွန်တခုနဲ့ ထိုးထားတာ၊ နောက်ပြီး အိတ်ထဲက ကျနော့်ဖုန်းရော ပစ္စည်းဖိုး ငွေလေးတွေရော အကုန်ယူသွားတာ။ ဒါမျိုးတွေ ကျနော်တို့ဘက်မှာ မကြာခဏ ဖြစ်လာတယ်။ အရင်က ဒါမျိုး မဖြစ်ဖူးပါဘူး” လို့ ပြောပါတယ်။

အဲဒီ Delivery လုပ်ငန်း လုပ်ကိုင်သူတွေဟာ ငွေကြိုရှင်းရတဲ့ အလုပ်အပ်သူတွေ ရှိသလို ယုံကြည်မှုနဲ့ ပစ္စည်းအားလုံး ပို့ဆောင်ပြီးမှသာ ငွေရှင်းပေးရသူတွေလည်းရှိပြီး အခုလို ဓားထောက်၊ ဓားပြတိုက်၊ လုယက်ခံရတာတွေကြောင့် ပို့ဆောင်ခထက် ‌လျော်ပေးရသူတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

မအူပင်မြို့မှ Delivery သမားတဦးက “အလုပ်က မရှိ၊ ဒီအလုပ်က အဆင်ပြေတော့ စားဖို့လေးပဲရရဆိုပြီး လုပ်နေတာ။ အခု တော်တော်ကျောချမ်းနေတယ်။ အလုပ်လုပ်ရတာ တရက်မှကို မလွယ်တော့ဘူး။ ပစ္စည်းပို့ခက လမ်းကြောင်းတခုကို ၄,၀၀၀၊ ၅,၀၀၀ ပဲရတာ၊ အလုခံရလို့ ဖုန်းရော၊ ပိုက်ဆံတွေအပြင် ဆိုင်ကယ်ပါ အလုခံရတော့ ဒုက္ခရောက်နေတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေရတာ။ တရားဥပဒေမရှိတဲ့ တိုင်းပြည်လိုပဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးလာတာ၊ ဆင်းရဲနွမ်းပါးသူတွေ များလာတာ၊ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်တာ စတဲ့အချက်တွေကြောင့် ခိုးယူ၊ လုယက်၊ ဓားပြတိုက်တဲ့ လုပ်ငန်းတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဆိုင်ကယ် ကယ်ရီ ငှားကာ လမ်းလူရှင်းတဲ့နေရာ အရောက်မှာ လူကို ရိုက်နှက် ဆိုင်ကယ် လုယက်တာ၊ ကုန်ကားကြီးတွေနောက်မှာ ဆိုင်ကယ်နဲ့လိုက်ပြီး ကုန်ကားပေါ်က ပစ္စည်းတွေကို ခိုးယူတဲ့အထိ လုပ်ဆောင်လာခဲ့ကြတာတွေလည်း ဖြစ်ပွားလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013