DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် စစ်သင်တန်းတက်သူများကို ထောက်ပံ့ရန် ဒေသခံများဆီက ငွေကောက်ခံ
DVB
·
March 23, 2024
ငပုတောတွင် စစ်သင်တန်းတက်သူများကို ထောက်ပံ့ရန် ဒေသခံများဆီက ငွေကောက်ခံ
Donate to DVB

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကကျေးရွာတွေမှာ ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်ဖို့ ရွေးချယ်ထားသူတွေအတွက်ဆိုပြီး စစ်ကောင်ခန့်အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေဆီက ငွေကြေးလိုက်လံကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ငပုတောမြို့နယ် ကမ်းနီ၊ တမန်ချောင်း၊ ဟင်းအိုးချောင်း၊ ကွင်း ချောင်းစတဲ့ ကျေးရွာအုပ်စုတွေမှာ အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေဆီကနေ စစ်မှုထမ်းသင်တန်း တက်ရမယ့်သူတွေအတွက် ကျေးရွာကထောက်ပံ့ကြေး ကောက်ခံနေတာလို့ဆိုပါတယ်။ 

ဒေသခံတယောက်က “ကိုယ့်ရပ်ရွာအတွက် တာဝန်ထမ်းဆောင်ပေးတဲ့သူတွေကို ထောက်ပံ့ပေးရ မှာပဲလေ လို့ အုပ်ချုပ်ရေးမှူးတွေကပြောတာ။ ပြောမယ်ဆိုရင် ကျေးဇူးတောင်တင်ရဦးမှာလို့ အုပ်ချုပ်ရေးမှူးက ပြောကောက်နေတာ။ နီးရာဓားကြောက်နေရတော့ပေးရတာပဲ” လို့ ပြောပါတယ်။ 

စစ်မှုထမ်းသူ ၁ ယောက်ကို ငွေကျပ် ၁၅၀,၀၀၀ အထိထောက်ပံ့ပေးဖို့ဆိုပြီး ကျေးရွာတွေထဲက အိမ်ခြေ ၁၀၀ အထက်ရှိတဲ့ရွာတွေမှာ တအိမ်ကို ၂၀၀၀ ကျပ်၊ အိမ်ခြေ ၁၀၀ အောက်ရှိတဲ့ရွာတွေမှာ တအိမ်ကို ၄၀၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒေသခံ အမျိုးသမီးတယောက်က “အုပ်ချုပ်ရေးမှူးတွေက မောက်မောက်မာမာကိုပြော ပိုက်ဆံ တောင်းတာ။ မပေးရင် ကိုယ့်သားသမီးတွေ စစ်မှုထမ်းစာရင်း ထဲပါသွားနိုင်တယ်ပေါ့။ ငွေ ၄၀၀၀၊ ၅၀၀၀ လောက်နဲ့ခင်ဗျားတို့ ဘာဖြစ်သွားမှာလဲ။ ငွေမပေးတာက နိုင်ငံတော်ရဲ့ လုပ်ငန်းတွေကို နှောင့်ယှက်တာပဲပြောသေးတယ်။ အစ်မတို့ ဒေသခံတွေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အမျိုးမျိုးကို ဖိအားပေး နှိပ်စက်တာကို ခံနေရတာ” လို့ ပြောပါတယ်။

ငပုတောမြို့နယ်ထဲက ကျေးရွာတွေထဲမှာ စစ်မှုထမ်းဖို့ အတွက်ဆိုပြီး မတ် ၁၅ ရက်နေ့ကစလို အသက် ၁၇ နှစ်ကနေ ၃၅ နှစ်အထိရှိတဲ့ အမျိုးသားတွေကို တရွာ ၃ ယောက်နှုန်းနဲ့ မဲနှိုက်ရွေးချယ်နေတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတ်လ ပထမအပတ်လောက်က စတင်ပြီး စစ်မှုထမ်း စာရင်းကောက်ကြေးတောင်းတာ၊ စစ်မှုထမ်း စာရင်းထဲ မပါဖို့ ငွေကောက်တာ၊ လူစားထိုးကြေး ငွေကောက်တာ စတဲ့ ခေါင်းစဉ်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေပါတဲ့ စစ်မှုထမ်း စာရင်းကောက်အဖွဲ့က ငွေကြေး ကောက်ခံနေတာလို့ သိရပါတယ်။ 

Photo – MMK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013