DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းရန် ရေးမြို့တွင် အဓမ္မလူစုဆောင်သူများအား အရေးယူမည်ဟု YDF ဆို
DVB
·
March 23, 2024
စစ်မှုထမ်းရန် ရေးမြို့တွင် အဓမ္မလူစုဆောင်သူများအား အရေးယူမည်ဟု YDF ဆို
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်မှုထမ်းဖို့ အတင်းအဓမ္မ လူသစ်စုဆောင်းသူတွေကို အရေးယူသွားမယ်လို့ ရေးကာကွယ်ရေးတပ်ဖွဲ့(YDF) က မတ် ၂၂ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

ရေးမြို့နယ်ရှိလူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မလူသစ်စုဆောင်းနေတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို ဆက်မလုပ်ဖို့နဲ့ ဆက်လက်လုပ်နေမယ်ဆိုရင် ပစ်ခတ်ရှင်းလင်းသွားမယ်လို့ YDF ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေက ပြည်သူလူထုကိုစိတ်ဒုက္ခပေးလိုက်တာပါပဲ။ စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေထုတ်တာက မြို့ထဲမှာ လူငယ်တွေမရှိတော့ဖို့၊ သူတို့ အင်အားကောင်းလာဖို့ပဲ ထင်တယ်။ စစ်သားနည်းလို့ သူတို့ ဒီလိုဥပဒေထုတ်တာဆိုရင်တော့ သူတို့တပ်ပျက်နေပြီး။ စစ်ကောင်စီကို ကူညီပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကတော့ ခုလုပ်နေတာတွေ ဆက်မလုပ်ပါနဲ့လို့ပြောချင်တယ်။ ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်း ရှင်းပစ်ပါမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုရှောင်လွဲဖို့အတွက် လူငယ်တွေအနေနဲ့ နိုင်ငံခြားထွက်တာ ဒါမှမဟုတ် တော်လှ‌န်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီး စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားကြဖို့ သူကဆက်ပြောပါတယ်။

ရေးမြို့နယ်အတွင်းရှိ လူငယ်အများစုဟာ  စစ်မှုထမ်းဥပဒေကိုရှောင်လွဲဖို့အတွက် ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်တာနဲ့ လက်နက်ကိုင်အဖွဲ့ထဲဝင်ကြတယ်လို့ ရေးမြို့ခံတွေက ပြောပါတယ်။

"တော်တော်များများက ထိုင်းတက်သွားကြတာပဲ။ နောက်ပြီး လက်နက်ကိုင်အဖွဲ့ထဲ ဝင်သွားတဲ့သူတွေလည်း ရှိတယ်။ မိန်းကလေးငယ်တွေကျတော့လည်း တခြားမြို့ရွာတွေ ပြောင်းနေကြတာပဲ။ ရေးမြို့ထဲမှာတော့ လူငယ်တွေက မရှိသလောက်ကို နည်းသွားပါတယ်။ စစ်မှုထမ်းဥပဒေကြောင့်လည်း ပါသလို တိုက်ပွဲတွေနဲ့ ဖမ်းဆီးမှုတွေကြောင့်ပါ ရှောင်တိမ်းသွားကြတာ” လို့ ပြောပါတယ်။

စစ်ကောင်စီမှာ စစ်မှုမထမ်းချင်ဘဲ ရှောင်လွှဲလိုသူတွေကို ကြိုဆိုလက်ခံပေးသွားမယ်လို့ ရေးမြို့နယ်မှာအခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အသီးသီးထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေသလို စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား အပြန်အလှန်ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013