DVB Logo
Home
မြန်မာသတင်း
နယ်စပ်ခြံစည်းရိုးခတ်မည့်ကိစ္စပြန်သုံးသပ်ရန် အိန္ဒိယကို အမေရိကန်ရောက်မြန်မာများ တောင်းဆို
DVB
·
March 22, 2024
နယ်စပ်ခြံစည်းရိုးခတ်မည့်ကိစ္စပြန်သုံးသပ်ရန် အိန္ဒိယကို အမေရိကန်ရောက်မြန်မာများ တောင်းဆို
1 / 6
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မယ့်ကိစ္စကို ပြန်သုံးသပ်ဖို့နဲ့ စစ်ရှောင်မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ အမေရိကန်ရောက်မြန်မာတွေက အိန္ဒိသံရုံးရှေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

အိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် FMR ကို ဖျက်သိမ်းပြီး နယ်စပ်စည်းတလျှောက် ခြံစည်းရိုးကာဖို့ အိန္ဒိယဗဟိုအစိုးရက စီစဉ်နေတာပါ။ 

ခြံစည်းရိုးခတ်မယ့်အစီအစဉ်ဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်မှုထမ်းအမိန့်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးဖို့ ကြိုးစားသူတွေအတွက် ကြီးမားတဲ့ အတားအဆီးဖြစ်လာပါတယ်။ 

ဒုက္ခဖြစ်နေတဲ့ ချင်းပြည်နယ်က မြန်မာပြည်သူတွေကို အိန္ဒိယဗဟိုအစိုးရက အကူအညီပေးဖို့နဲ့ တားဆီးကန့်သတ်တာတွေကို ဖြေလျှော့ပေးဖို့ အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ အိန္ဒိယနိုင်ငံသံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဒေသစံတော်ချိန် မတ် ၂၁ ရက်က မေတ္တာရပ်ခံတောင်းဆိုခဲ့ကြပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုကျော်ကျော်က "ကျနော်တို့ ဒီနေ့လာရတဲ့ အကြောင်းရင်းကတော့ အိန္ဒိယအစိုးရကို ခြံစည်းရိုးမကာဖို့ တောင်းပန်တာတခုရယ်၊ နောက်ပြီးတော့ စစ်ဘေးရှောင်တွေကို ကာကွယ်ပေးဖို့၊ နောက်ပြီး ပြန်ဖမ်းမပို့ဖို့ကို ကျနော်တို့လာပြီးတော့ တောင်းပန်တယ်။ ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီပေးပါလို့ မေတ္တာရပ်ခံပြီးတော့ စာနာသနားပါလို့ဆိုပြီးတော့ ကျနော်တို့ လာတောင်းပန်တာပါ။"

အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်နဲ့ နာဂလဲန်းပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေက အိန္ဒိယဗဟိုအစိုးရရဲ့ ခြံစည်းရိုးခတ်မယ့်အစီစဉ်ကို ကန့်ကွက်ဖို့ မတ် ၁၆ ရက်မှာ ပူးပေါင်းသဘောတူညီချက်ရယူထားကြပါတယ်။ 

စစ်အာဏာမသိမ်းခင်က သဘောတူထားတဲ့ နယ်စပ်တလျှောက် လွတ်လပ်စွာသွားလာခွင့် သဘောတူညီချက် FMR ကို ၂၀၂၂ နိုဝင်ဘာ ၁၅ ရက်မှာ အိန္ဒိယအာဏာပိုင်တွေက စတင်ဆိုင်းငံ့ထားခဲ့ပြီး လက်ရှိအချိန်မှာတော့ FMR ကို လုံးဝဖျက်သိမ်းတဲ့အပြင် ခြံစည်းရိုးခတ်ဖို့အထိ စီစဉ်လာတာပါ။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းက "အထူးသဖြင့် အိန္ဒိယနယ်စပ်စည်းက ချင်းနဲ့ မီဇိုးတိုင်းရင်းသားလူနည်းစုတွေဟာ စစ်တပ်ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေရတာပါ။ သူတို့ကို အကာအကွယ်ပေးဖို့နဲ့ အာဏာရှင်လူသတ်ကောင် စစ်တပ်လက်ထဲကို ပြန်မပို့ဖို့ လာတောင်းဆိုတာပါ" လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် မဏိပူရ်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ် ၁၂ မိုင်အရှည် နယ်စပ်ခြံစည်းရိုးကို စတင်ကာရံထားတော့မယ်လို့ အိန္ဒိယပြည်ထဲရေးဌာနက ပြောဆိုထားပါတယ်။ 

ခြံစည်းရိုးခတ်မယ့်အစီအစဉ်ဟာ အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ နေထိုင်ကြတဲ့ ချင်း-ကူကီး-မီဇိုးလူမျိုးတွေအပြင် အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာ နေထိုင်ကြတဲ့ နာဂလူမျိုးတွေအတွက်ပါ ကန့်သတ်ပိုင်းခြားမှုဖြစ်စေတဲ့အတွက် ဒေသတွင်းအရပ်ဖက်အဖွဲ့တွေက ဆက်တိုက်ကန့်ကွက်နေကြတာပါ။ 

အိန္ဒိယနိုင်ငံရဲ့စနစ်အရ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရက အုပ်ချုပ်တာဖြစ်ပြီး မဏိပူရ်ပြည်နယ်အစိုးရကတော့ မြန်မာပြည်ကလာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတာ ဖြစ်ပါတယ်။  

 သုတချမ်းသာ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013