DVB Logo
Home
နိုင်ငံတကာ
ထိုင်းရဲချုပ်ကြီး ၂ ဦးကို ဝန်ကြီးချုပ်က ရုတ်တရက် အလုပ်နေရာရွှေ့ပြောင်း
DVB
·
March 21, 2024
ထိုင်းရဲချုပ်ကြီး ၂ ဦးကို ဝန်ကြီးချုပ်က ရုတ်တရက် အလုပ်နေရာရွှေ့ပြောင်း
Donate to DVB

အွန်လိုင်းလောင်းကစားမှု ကိုင်တွယ်ဖြေရှင်းတာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်နေတဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ရာထူးအမြင့်ဆုံး ရဲချုပ်ကြီးနှစ်ဦးကို ထိုင်းဝန်ကြီးချုပ်က မတ် ၂၀ ရက် ညနေမှာ အလုပ်နေရာ ရွှေ့ပြောင်းလိုက်ပါတယ်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး သော်ဆဒ်ဝိမွန်း (Big Taw) နဲ့ ဒုရဲချုပ်ကြီး စူရာချေ့ ဟတ်ဖန်း (Big Joke) တို့နှစ်ဦးကို မတ် ၂၁ ရက်ကစပြီး နောက်တကြိမ် အမိန့်ထုတ်ပြန်သည်အထိ ဝန်ကြီးချုပ်ရုံးမှာ ပြောင်းလဲတာဝန်ထမ်းဆောင်ဖို့  ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က မတ် ၂၀ ရက် နေ့စွဲနဲ့ လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တာပါ။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့အနေနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ကောင်းမွန်စွာ ဆက်လက်ဆောင်ရွက်နိုင်ဖို့၊ ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုကို ရရှိစေဖို့၊ အရာရာဟာ တရားဥပဒေအတိုင်း ဖြစ်စေဖို့ ရဲချုပ်နှစ်ဦးကို ဝန်ကြီးချုပ်ရုံးမှာ လာရောက် တာဝန်ထမ်းဆောင်ဖို့ အမိန့်ပေးလိုက်တာပါ။

အငြင်းပွားနေတဲ့ကိစ္စ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်အဖြေရှာဖို့ ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က သတင်းထောက်တွေကို ပြောပါတယ်။

အမှန်တရားအတွက် စစ်ဆေးဆောင်ရွက်စဉ် ရဲချုပ်နှစ်ဦးမှာ အပြစ်ကင်းစင်သူတွေဖြစ်ပြီး လစာနဲ့ ခံစားခွင့်တွေလည်း မူလအတိုင်း ရရှိနေမှာဖြစ်ကြောင်း၊ သူတို့နှစ်ဦးလုံးရဲ့ ဂုဏ်သိက္ခာ၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်၊ ဘက်လိုက် အားပေးခြင်းကို ရှောင်ရှားပြီး ပြည်သူ့အခက်အခဲတွေကိုသာ ရှေးရှုဆောင်ရွက်ဖို့၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်ဖို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

ရဲချုပ်နှစ်ဦးကို ဝန်ကြီးချုပ်ရုံး ရွှေ့ပြောင်းထားစဉ် ကာလအတွင်း ရဲချုပ် ကီရတ့် ဖန်းဖိတ် (Big Tya) ကို ရဲချုပ်ကြီးနေရာမှာ တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခု စက်တင်ဘာမှာ လစ်လပ်နေတဲ့ ရဲချုပ်ကြီး ရာထူးအတွက် အဆိုပါ ရဲချုပ်ကြီး နှစ်ဦးလုံး အဲဒီရာထူးအတွက် လျာထားခံခဲ့ရပြီး ရှပ်နီဘက်နဲ့ နီးစပ်တဲ့ ရဲချုပ် သော်ဆဒ်မှာ ရဲချုပ်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရပါတယ်။

ရဲချုပ်ကြီး အာဏာရပြီး မကြာခင် အွန်လိုင်းလောင်းကစားမှု နှိမ်နင်းရေးမှာ မီနီ ဆိုသူ မိန်းကလေးတဦး ဦးဆောင်တဲ့ ဂိုဏ်းတဂိုဏ်းကိုပါ ဖမ်းဆီးခဲ့ပါတယ်။

အမှုကွင်းဆက် ဖော်ထုတ်ချက်အရ Big Joke ရဲ့တပည့် ရဲအရာရှိတွေဟာ မီနီ ဆိုသူ မိန်းကလေးနဲ့ လွန်စွာရင်းနှီးပြီး သူရဲ့ဂိုဏ်းနဲ့ ငွေလွှဲလမ်းကြောင်းတွေ ဆက်စပ်နေတယ်လို့ အထူးမှုခင်းစုံစမ်းရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနောက် ဒုရဲချုပ်ကြီး Big Joke ရဲ့ နေအိမ်ကိုပါ ကွန်မန်ဒိုတပ်ဖွဲ့၊ စနိုက်ပါတပ်ဖွဲ့တွေနဲ့ အင်အားအလွန်အကျွံသုံးပြီး သွားရောက်ရှာဖွေ စစ်ဆေးခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က အဆင့်မြင့် တာဝန်ရှိသူတဦးရဲ့ နေအိမ်ကို အခုလို အင်အားသုံးပြီး ရုတ်တရက် မွှေနှောက်ရှာဖွေတဲ့အပေါ်မှာ ဒုရဲချုပ်ကြီး Big Joke ကတော့ ဝင်ခွင့်မပြုဘဲ ပြန်လွှတ်လိုက်ပါတယ်။

တရားရုံးက ရှာဖွေမိန့်ပေးလိုက်တဲ့ နေအိမ်မှာ ရဲချုပ်ကြီးရဲ့အိမ်လို့ ဖော်ပြထားခြင်း မရှိပေမဲ့ ဒီအိမ်ဟာ သူ့အိမ်ဖြစ်တယ်ဆိုတာ အားလုံးသိနေကြတယ်၊ လောင်းကစားမှုမှာ ပါဝင်ပတ်သက်ကြောင်း အထောက်အထား မခိုင်လုံပါဘဲ အခုလို တရားခံကို လာဖမ်းသလို လုပ်တာဟာ မူမမှန်တဲ့အခြေအနေ ဖြစ်တယ်လို့ ဒုရဲချုပ်ကြီးက သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

ရဲချုပ်ကြီး သော်ဆဒ်ကလည်း တာဝန်ရှိသူတွေဟာ တရားဥပဒေအတိုင်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သတင်းစာ ပြန်ရှင်းပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ အကြီးအကဲနှစ်ဦးမှာ ဌာနတခုတည်းမှာ ရှိပါလျက်နဲ့ အချင်းချင်း မဆွေးနွေးဘဲ သတင်းထောက်တွေခေါ်ပြီး အပြန်အလှန် သတင်းစာရှင်းလင်းနေကြတဲ့အပေါ် ပြည်သူတွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အဲဒီလိုဖြစ်နေတဲ့ကြားထဲက ပြီးခဲ့တဲ့ရက်ပိုင်းက ဒုရဲချုပ်ဟာ ထိုင်းမြောက်ပိုင်းကို တာဝန်နဲ့ ခရီးထွက်နေစဉ် အွန်လိုင်းလောင်းကစားမှုနဲ့ ပတ်သက်လို့ စွပ်စွဲခံထားရတာကို သိရှိပါကြောင်း မတ် ၂၀ ရက်မှာ တရားရေးဌာနထံ လာရောက်သတင်းပို့ဖို့ စာတစောင်ကို သူ့အိမ်ရှေ့မှာ လာကပ်ခံခဲ့ရပါတယ်။

Big Joke ကတော့ လုပ်ထုံးလုပ်နည်းအရဆိုရင် သူ့လက်ထဲကို အရောက်ပေးပို့ရမှာဖြစ်တယ်၊ ခုလို စာလာကပ်ရုံနဲ့တော့ လုပ်ထုံးနဲ့မညီညွတ်လို့ မသွားနိုင်ကြောင်း၊ အခုလို တဖက်သတ် စွပ်စွဲနေမယ်ဆိုရင် သူ့ဘက်ကလည်း အဆင့်မြင့်ရဲအရာရှိတွေရဲ့ လာဘ်စားမှုတွေကို မချွင်းမချန် ဖော်ထုတ်ရလိမ့်မယ်၊ ဒီလိုဖော်ထုတ်လိုက်ရင် ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံပါ ပြောင်းလဲသွားလိမ့်မယ်လို့ ပြောဆိုပြီး မတ် ၂၀ ရက်မှာ ဖြစ်ရပ်မှန်တွေဖွင့်ချဖို့ သူ့ရဲ့ရှေ့နေနှစ်ဦးကို တာဝန်ပေးလိုက်ပါတယ်။

မတ် ၂၀ ရက် မနက်ပိုင်း ရှေ့နေတွေ သတင်းစာရှင်းလင်းပွဲမလုပ်ခင် ဝန်ကြီးချုပ် ဆေထာက ရဲချုပ်ကြီးနှစ်ဦးလုံးကို သီးသန့်ခေါ်တွေ့ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းပွဲလုပ်ပါတယ်။

အွန်လိုင်းလောင်းကစားမှုနဲ့ ပတ်သက်တဲ့ ရဲအရာရှိတွေရဲ့အမှုကို ထိုင်းအမျိုးသား အဂတိနဲ့ လာဘ်စားမှုတိုက်ဖျက်ရေးဌာနက ကိုင်တွယ်ဖြေရှင်းမယ်၊ ဌာနအကြီးအကဲရဲ့ ဂုဏ်သိက္ခာပေါ် အပြန်အလှန်လေးစားပြီး တရားစွဲမယ့်ကိစ္စ ပြန်ရုပ်သိမ်းမယ်၊ တဦးပေါ်တဦး ခွင့်လွှတ်နားလည်ပြီး ပြည်သူကပေးတဲ့ တာဝန်တွေ ထမ်းဆောင်သွားမယ်လို့ ပြောပြီး ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြပါတယ်။

နာရီပိုင်းအတွင်းမှာပဲ ဝန်ကြီးချုပ်က သူတို့နှစ်ဦးကို တာဝန်မှ ယာယီရွှေ့ပြောင်းလိုက်ကြောင်း အမိန့်စာ ထွက်ပေါ်လာတာပါ။

မတ် ၂၁ ဒီနေ့မှာတော့ ရဲချုပ်ကြီးနှစ်ဦးလုံး ဝန်ကြီးချုပ်ရုံးမှာ စတင် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ပြီး သူတို့ဟာ အမှန်တကယ်ပဲ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်မှု ရှိမရှိကိုတော့ ရက်ပေါင်း ၆၀ အတွင်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: ThaiPBS/ThaiRath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013