DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး ခေါ်ယူနေ
DVB
·
March 21, 2024
ရေဦးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီက ဖိအားပေး ခေါ်ယူနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် ၆ ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လူငယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်စာပေးတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

နေအိမ်မှာရှိတဲ့ လူငယ်တွေကို အစည်းအဝေးတက်ဖို့ ဆင့်ခေါ်စာတွေ ပေးပို့နေပြီး အိမ်မှာမရှိတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး မိဘတွေကို ခေါ်ယူ လက်မှတ်ထိုးခိုင်းတာ၊ အချိန်ကန့်သတ်ချက်တခုအတွင်း အိမ်ကိုပြန်ခေါ်ဖို့ ဖိအားပေးနေတယ်လို့ ရေဦးမြို့ခံတဦးက ပြောပါတယ်။

“လဝကရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရယ်၊ နယ်ထိန်းရယ်၊ စစ်သားနှစ်ယောက်ရယ် ရပ်ကွက်တွေထဲ လှည့်ပြီးတော့ အိမ်ထောင်စုစာရင်းတွေထဲက အသက်ပြည့်မီတဲ့ ပုဂ္ဂိုလ်တွေကို စစ်မှုထမ်းဖို့အတွက် သူက ကြည့်ပြီးတော့ ဆင့်စာလိုက်ပေးတာပေါ့လေ။ လူငယ်ရှိတဲ့ အိမ်ကတော့ သွားတွေ့ဆုံသလို မရှိတဲ့အိမ်ကျတော့ မိဘတွေ တာဝန်ယူခေါ်တယ်။ မိဘတွေက သူတို့စေခိုင်းတဲ့အတိုင်း စာရင်းဖြည့်ပြီးတော့ လက်မှတ်ထိုးပေးရတယ်။ သားသမီးကို ဘယ်အချိန် ဘယ်နေ့ ပြန်ခေါ်ပါဆိုတဲ့ အဖြစ်မျိုးပဲ။ အဲ့ဒီတော့ မိဘတွေလည်း စိတ်ဆင်းရဲဒုက္ခ ရောက်နေကြရတယ်။ လူငယ်တွေလည်း တိမ်းရှောင်နေကြရတယ်။ အဲဒီအမိန့်က မြို့ပေါ်ရပ်ကွက်လောက်ပဲ ထိရောက်ပါတယ်။ ရေဦးက ၆ ရပ်ကွက်ရှိတယ်ဗျ။ နယ်တွေ ရွာပေါင်း ၉၀ ကျော်ကတော့ သူတို့အမိန့်လွှမ်းမိုးမှု မရှိပါဘူး။ အစည်းအဝေးမှာ မြို့ပေါ်ရပ်ကွက် တရပ်ကွက်ကို ၁၁ ယောက်နှုန်း အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ စာရင်းပေးရမယ်တဲ့။”

မတ် ၁၇ ရက်က ရေဦးမြို့ပေါ် ထွေအုပ်ရုံးမှာ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို ခေါ်ယူဖို့ အစည်းအဝေး လုပ်နေတုန်းမှာ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ လက်အောက်ခံတွေဘက်က ထိခိုက်သေဆုံး ဒဏ်ရာရသူ ၁၃ ဦးအထိ ရှိခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့က ထုတ်ပြန်ထားပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

ရေဦး PDF တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ ဒီဘက်က သူတို့အစည်းအဝေးကို ဒရုန်းနဲ့ ဗုံးချသေးတယ်။ တော်လှန်ရေးနယ်မြေထဲမှာတော့ ရောက်လာတဲ့အပိုင်းမှာ ပညာသင်ရမယ့် အရွယ်တွေ ဖြစ်နေတဲ့အတွက် ပညာဆက်သင်တာပေါ့။ လက်နက်ကိုင်စရာ မလိုဘူးပေါ့။ ပြီးတော့ လက်မှုတတ်တဲ့သူတွေကတော့ လက်မှုပညာလေးတွေနဲ့ အခွင့်အလမ်းလေးတွေ ရှာကြံပေးရတာပေါ့။ အထက ၁ အနောက်ဘက် အောင်ချမ်းသာရပ်ကွက်က နှစ်ယောက်ကတော့ ဆင့်ဆိုချက်လည်းမရှိ၊ ဘာမှမရှိဘဲနဲ့ ဖမ်းခေါ်သွားတယ်။ စစ်မှုမထမ်းမနေရ မဲနှိုက်ရတာလည်း မရှိဘဲနဲ့ပေါ့လေ၊ ဖမ်းခေါ်သွားတယ်လို့ သတင်းရတယ်” လို့ ပေြာပါတယ်။

နိုင်ငံတဝန်း တော်လှန်ရေးအရှိန် မြင့်တက်နေချိန်မှာ စစ်ကောင်စီက လူငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ကြိုးစားနေတာဖြစ်ပြီး ပြည်သူတွေရဲ့ စိတ်အာရုံကို လှည့်စားတဲ့ ရည်ရွယ်ချက်လည်း ဖြစ်တယ်လို့ စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာချက်အပေါ် လေ့လာသူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်နဲ့ နိုင်ငံတဝန်း ဖိအားပေး အကျပ်ကိုင်ရာမှာ ပါဝင်ဆောင်ရွက်သူ အားလုံးကို ထိထိရောက်ရောက် အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ယန္တရားတွေမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေဟာ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို မတရားပြုကျင့်ပြီးတော့ အကြမ်းဖက်ဖို့ ကြိုးစားတဲ့လူတွေအားလုံးက ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာခဲ့ပြီး ဒီကြေညာချက်ကြောင့် နယ်စပ်ကနေတဆင့် နိုင်ငံပြင်ပ ထွက်ခွာသူ အရေအတွက်ဟာ တနေ့တခြား မြင့်တက်နေပါတယ်။

မြို့ပြမှာနေထိုင်တဲ့ သာမန်လူငယ်တွေနဲ့ ပြောက်ကျားလူငယ်တွေ ရှင်းရှင်းလင်းလင်း ကွဲထွက်သွားအောင် စစ်ကောင်စီက စစ်မှုထမ်းအမိန့်ကို သုံးပြီး တပ်လှန့် ခြောက်ထုတ်တဲ့ သဘောလည်း ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013