DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီ လိုသလောက်ဝယ်မရသဖြင့် ဆီဆိုင်များ အခက်တွေ့
DVB
·
March 21, 2024
ဧရာဝတီတိုင်းတွင် စက်သုံးဆီ လိုသလောက်ဝယ်မရသဖြင့် ဆီဆိုင်များ အခက်တွေ့
Donate to DVB

စက်သုံးဆီလိုသလောက် ဝယ်ယူလို့မရ ဖြစ်နေတာကြောင့် ဧရာဝတီတိုင်းထဲက စက်သုံးဆီ အရောင်းဆိုင်တွေ တဆင့်ပြန်လည်ရောင်းချရာမှာ အခက်အခဲ ဖြစ်ပေါ်နေပြီး အကန့်အသတ်နဲ့သာ ရောင်းချနေရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြည်ပကတင်သွင်းလာတဲ့ စက်သုံးဆီတွေကို ရန်ကုန် သီလဝါဆိပ်ကမ်းကတဆင့် ဒေသအသီးသီးရှိ စက်သုံးဆီဆိုင်တွေက ပြန်လည်ဝယ်ယူ ရောင်းချကြရတာဖြစ်ပြီး အဲဒီလို ပြန်လည်ရောင်းချနိုင်ဖို့အတွက် ပြင်ပကတင်သွင်းလာတဲ့ စက်သုံးဆီတွေကို လိုသလောက် ဝယ်ယူမရတဲ့အတွက် စက်သုံးဆီဆိုင်တချို့မှာ ဆီပြတ်လပ်နေတာလို့ ဧရာဝတီတိုင်းက စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဆီဝယ်ရတာက နေ့တိုင်း အခက်အခဲရှိနေတာ။ ကျနော်တို့က သီလဝါကတဆင့် ကုမ္ပဏီကတဆင့် ဝယ်ရတာကိုး။ လက်ရှိလည်း ဆီက ဝယ်လို့မရဘူး။ အခက်အခဲ ရှိနေတယ်လေ။ အခက်အခဲရှိတဲ့အခါကျရင် အပြင်ကုမ္ပဏီတွေမှာ အပြင်ဈေးနဲ့ ဝယ်နေရတယ်။ စက်သုံးဆီက ဝယ်ချင်တိုင်း လိုသလောက် ဝယ်လို့မရဘူး။ ဆီလေး နည်းနည်းပိုရဖို့ တပတ်လောက်အထိကို စုံစမ်းပြီးတော့ အဲလိုကြိုးစားပြီးတော့ ဝယ်ရတာ။”

လက်ရှိ စက်သုံးဆီရောင်းဝယ်ရေး ဆိုင်တချို့မှာ စက်သုံးဆီတွေ ပြတ်လပ်နေတာ၊ လက်ကျန်စက်သုံးဆီ နည်းပါးနေတာ၊ ရောင်းချမှု ရပ်နားလာကြတဲ့ ဆိုင်တွေလည်း ရှိလာတာ၊ လက်ကျန်ဆီကျန်ရှိတဲ့ဆိုင်တွေ အနေနဲ့လည်း ဝယ်ယူသူတွေကို အကန့်အသတ်နဲ့သာ ရောင်းချနေကြရတယ်လို့ မအူပင်မြို့နယ်က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အခု လိုသလောက် ဝယ်လို့မရတော့ တချို့ဆိုင်တွေဆို မရှိဘူး။ ကျနော်တို့ကတော့ နဂိုလက်ကျန် မျှပြီးတော့ ထိန်းရောင်းနေတာပေါ့။ ပေါပေါများများ မရောင်းနိုင်ဘူးပေါ့။ တဦးလာလို့ရှိရင် တလီတာ နှစ်လီတာလောက်ပဲ၊ ပေပါလိုက်တော့ အများကြီး ရောင်းလို့မရဘူးပေါ့။ တချို့ဆိုင်တွေဆို ဆီမရှိဘူး၊ ပြတ်နေတယ်။”

မြန်မာနိုင်ငံကို စက်သုံးဆီတင်လာတဲ့ သင်္ဘောတွေ မပြတ်ဆိုက်ရောက်လျက်ရှိတယ်၊ ဆီပြတ်လပ်မှု မရှိနိုင်ဘူးလို့ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြနေပေမဲ့လည်း စက်သုံးဆီဆိုင်တချို့မှာ ဆီလက်ကျန် နည်းပါးနေတာကြောင့် စက်သုံးဆီ တလီတာ ပျမ်းမျှ ၃,၅၀၀ ကျပ်အထိ ဈေးပေါက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

မအူပင်ဒေသခံတဦးက “စက်သုံးဆီ သုံးနေရတာက ဘယ်လိုမျိုးလဲဆိုတော့ ဆိုင်တွေမှာက လက်ကျန်ဆီပဲ ဝယ်ရနေရတာလို့ အဲလိုပဲပြောတယ်။ ဈေးနှုန်းတွေက ကျနော်တို့ တလီတာ ၃,၅၀၀ လောက် ပေါက်နေတယ်။ ကျနော်တို့ မအူပင်ဘက်ပဲ တက်နေတယ်လို့ထင်တာ။ ဘိုကလေးဘက်မှာဆိုလည်း ၄,၀၀၀ ဝန်းကျင်တဲ့ သိရတယ်” လို့ ပြောပါတယ်။

လူအသုံးများတဲ့ စက်သုံးဆီ အမျိုးအစားတွေဖြစ်တဲ့ 92 - 95 စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က တလီတာ ၈၀၀ ကနေ ၉၀၀ အထိသာ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီတလီတာ ၄,၀၀၀ ကျပ်အထိ တက်ခဲ့ပြီး လိုသလောက် ဝယ်ယူမရတဲ့ အခက်အခဲတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက မတ် ၂၁ ရက် ဒီနေ့ ဧရာဝတီတိုင်းမှာ ရောင်းချဖို့ သတ်မှတ်တဲ့ဈေးဟာ 92 - တလီတာကို ငွေကျပ် ၂,၈၆၅၊ ၉၅ တလီတာကို ငွေကျပ် ၂,၈၈၀ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013