DVB Logo
Home
မြန်မာသတင်း
ဆီအကျပ်အတည်းကြားက ဘားအံမြို့ခံများ သင်္ကြန်အတွက် ငွေထည့်ဝင်ရသဖြင့် အခက်ကြုံ
April 7, 2026
Photo: NRC Hpa-an
Photo: NRC Hpa-an
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြည်သူတွေ စက်သုံးဆီအခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန် စစ်ကောင်စီက သင်္ကြန်ပွဲအတွက် ဖိအားပေး ငွေကောက်ခံနေတာကြောင့်  စားဝတ်နေရေး အကျပ်အတည်းတွေကြားက  ထည့်ဝင်နေရတယ်လို့ မြို့ခံတွေနဲ့ မြို့မိမြို့ဖတွေက ပြောပါတယ်။ 

ဘားအံမြို့မှာ စက်သုံးဆီ ဝယ်ယူရခက်ခဲတာ၊ လိုင်စင်မဲ့ယာဉ်တွေကို ဆီမရောင်းချပေးတဲ့အပြင်  ဖမ်းဆီးနေတာကြောင့် လိုင်စင်မဲ့ယာဉ်တွေ ရပ်နားထားရပါတယ်။

စက်မှုလုပ်ငန်းတချို့နဲ့ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေလည်း ရပ်နားထားရသလို အလုပ်သမား လျှော့ချတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်တာတွေနဲ့ ပြည်သူတွေဟာ ထပ်မံရင်ဆိုင်နေရပါတယ်။

စက်သုံးဆီ အကျပ်အတည်း မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်နေချိန် ဘားအံမြို့မှာ လမ်းလျှောက်သင်္ကြန်နဲ့ နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်ကို ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ ကျင်းပဖို့ ကရင်ပြည်နယ် စစ်ကောင်စီက စီစဉ် နေပါတယ်။

မြို့ခံတယောက်က “အခုလိုမျိုး ဓာတ်ဆီအခက်အခဲတွေကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းတဲ့အပြင် လိုင်စင်မဲ့ ကားတွေ ဆိုင်ကယ်သမားတွေ မပြေးဆွဲရလို့ စားဝတ်နေရေး ပိုမိုခက်ခဲတဲ့အချိန်  သင်္ကြန်ပွဲတော်ကို ဖိအားပေး(ငွေ)ကောက်ခံနေတဲ့အတွက် ပြည်သူတွေ စားဝတ်နေရေးထဲကနေ တချို့ဆို အလုပ်အကိုင်မရှိတဲ့ကြားက ထမင်းတောင် နပ်မမှန်ကြဘူး။  နပ်မမှန်တဲ့အပြင် ဒီလိုမျိုး ထည့်ဝင်နေရတယ်။ ထည့်နေရတဲ့အတွက် ပြည်သူတွေအတွက် ပိုမိုပြီး ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတာပေါ့”လို့ ပြောပါတယ်။ 

သင်္ကြန်ပျော်ပွဲရွှင်ပွဲအတွက် ဘားအံမြို့ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ စစ်ရှောင်ပြည်သူတွေအနေနဲ့ တအိမ်ထောင်ကို ကျပ် ၅,၀၀၀ အနည်းဆုံးထည့်ဝင်ရပါတယ်။

ဒါ့အပြင် အိမ်ရှင်တွေနဲ့ မြို့ခံပြည်သူတွေက ကျပ် ၅,၀၀၀ ကနေကျပ် ၁၅,၀၀၀ အနည်းဆုံး ထည့်ဝင်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလ ရပ်ကွက်အလိုက် သင်္ကြန်မဏ္ဍပ်တွေကို ဖိအားပေးပြီး မဖြစ်မနေ တည်ဆောက်ခိုင်းတယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

မြို့မိမြို့ဖတယောက်က “ရပ်ကွက်တိုင်း ယိမ်းထွက်ခိုင်းတယ်။ မဖြစ်မနေထွက်ခိုင်းတယ်။ နောက် ရပ်ကွက်တိုင်း မဏ္ဍပ်ထွက်ခိုင်းတယ်ဆိုတော့ ပိုက်ဆံကောက်ပြီပေါ့။ ရပ်ကွက်က ပိုက်ဆံကောက်တာပေါ့။ ပြည်သူတွေကတော့ ဘယ်လိုပြောမလဲ။ ရိုက်ခံထိလို့ ခေါင်းကွဲတယ်။ ပတ်တီးစည်းရတယ်။ ထပ်အရိုက်ခံ ထိတာပေါ့။ အဲဒီ ပုံစံဖြစ်တာပေါ့။ နာပြီးနာပြန်ပေါ့။ စားဝတ်နေရေး အခက်အခဲ။ နောက်ဒါကလည်း Pressure ပါတော့ မထည့်လို့မရဘူး။ မထည့်ဘူးဆိုရင် ထောက်ခံစာ ကိစ္စတွေ။ ညဘက် ဧည့်စာရင်းစစ်တဲ့အခါကျရင် အနှောင့်အယှက်တော့ ပါလာတာပေါ့။ ထည့်ရတာပေါ့။ လက်လုပ်လက်စားတွေ ညည်းပြီ။ ဘယ်လို သွားလုပ်မလဲ”လို့ ပြောပါတယ်။

ကရင်ပြည်နယ်စစ်ကောင်စီက သင်္ကြန်ကာလပျော်ပွဲရွှင်ပွဲ ကျင်းပနိုင်ဖို့ လုပ်ဆောင်နေပေမဲ့ တဖက်မှာတော့ ကော့ကရိတ် အောက်ဗိုလ်တဲနဲ့ အနီးအနားက ကျေးရွာတွေကို  စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒါအပြင်  မြဝတီမြို့တောင်ဘက်၊ ဝေါလေကျေးရွာအနီးက ဝေါလေဗျူဟာကို   မတ် ၃၁  ရက် ကစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်  တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013