DVB Logo
Home
မြန်မာသတင်း
ကျုံပျော် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းလိုသူများကို ကျပ်သိန်းရာချီ ငွေညှစ်နေ
DVB
·
March 20, 2024
ကျုံပျော် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းလိုသူများကို ကျပ်သိန်းရာချီ ငွေညှစ်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်မှာ စစ်မှုမထမ်းလိုသူတွေကို စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးတွေက သိန်းရာနဲ့ချီပြီး တောင်းခံ ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မတ် ဒုတိယ အပတ်ကစတင်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ် အမျိုးသားတွေ သို့မဟုတ် မိဘအုပ်ထိန်း သူတွေကို အစည်းအဝေးခေါ်ယူပြီး စစ်မှုမထမ်းလိုသူတွေကို ငွေကျပ် သိန်း ၁၀၀ ကနေ ၃၀၀ အထိ ငွေပေးဖို့ တောင်းယူ ငွေညှစ်နေတယ်လို့ သိရပါတယ်။

“မိဘတွေကို အဓိကထားခေါ်ပြောတာ။ လူတယောက် စစ်မှုမထမ်းရဖို့ဆို သိန်း ၁၀၀ အနည်းဆုံး တောင်းတာ။ တောင်းတဲ့ ပမာဏကိုလည်းကြည့်ပါဦး၊ မပေးရင် ကလေးတွေ စစ်ထဲဝင်ရ မှာစိုးတာကြောင့် ရှိတဲ့ လယ်တွေ၊ စက်တွေ ပေါင်နှံရှာဖွေနေကြတယ်။ မပေးရင် စစ်ထဲ ထည့်ရမယ်၊ မထည့်ချင်လို့ ရှောင်တိမ်းသွားရင် မိသားစုတွေ အဖမ်းခံရမယ်” လို့ ကျုံပျော်မြို့ခံတယောက်က ပြောပါတယ်။

ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ငွေညှစ်တာ၊ အာဓမ္မစစ်သားစုဆောင်းတာ၊ အဖမ်းခံရမယ်လို့ဆိုကာ ခြိမ်းခြောက်အကျပ်ကိုင်နေတဲ့အတွက် လူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲဝင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်ကောင်စီဘက်က အခုလိုသာ ဆက်လုပ်နေရင် တော်လှန်ရေးတပ်တွေထဲ အင်အားကောင်းလာဖို့ပဲရှိတယ်။ လူငယ်တွေက စစ်ကောင်စီ စစ်တပ်ထဲ မဝင်ချင်တဲ့ သူများတယ်။ စစ်ကောင်စီတပ်ထဲ ဝင်မယ့်အစား တော်လှန်းရေးတပ်တွေထဲဝင်မယ်လို့ ဆုံးဖြတ်ပြောနေကြတဲ့ အသံတွေကြားတယ်။ လူငယ်တွေလည်း အခြေအနေကို ကောင်းကောင်းသိတယ်လေ” လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေပေါင်းပြီး သူတို့ရဲ့ သား၊ သမီး စစ်မှုမထမ်းရရေးအတွက် ငွေကြေးနွမ်းပါးသူတွေကို ငွေပေးကာ လူစားထိုးနေကြပြီး နေရာဒေသအလိုက် အခုလို လူစာထိုးတဲ့ ဈေးကွက်မှာလည်း သိန်း ၃၀ ကနေ သိန်း ၁၀၀ အထိ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်မှုထမ်း ဥပေဒကို ဧပြီလ၊ သင်္ကြန် ပိတ်ရက်တွေအပြီးမှာ တရားဝင် စတင်အကောင် အထည်ဖော်မယ်လို့ ကြေညာထားပေမဲ့ မတ် ဒုတိယ အပတ်ကနေ စတင်ပြီး ဧရာဝတီတိုင်းထဲက မြို့နယ် ရပ်ကွက်၊ ကျေးရွာတွေမှာ နာမည်စာရင်းကောက်ကာ မဲနှိုက်ရွေးချယ်နေကြတာလို့ ဒေသခံတွေကဆိုပါတယ်။

ပုံစာ - စစ်မှုထမ်း ဆင့်ခေါ်ရန် စစ်ကောင်စီ စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က မိဘအုပ်ထိန်းသူများကို အစည်းအဝေးလုပ်နေ

Photo - MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013