DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေ အကောင်အထည်မဖော်သင့်သေးဟု အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပြော
DVB
·
March 20, 2024
စစ်မှုထမ်းဥပဒေ အကောင်အထည်မဖော်သင့်သေးဟု အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပြော
Donate to DVB

ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံတိုင်းမှာ လိုအပ်ပေမဲ့ အခုချိန်မှာ အကောင်အထည်မဖော်သင့်သေးဘူးလို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီး စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ပြောပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဒီနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။

ပထမအကြိမ်စစ်မှုထမ်းရမယ့် လူငယ် အယောက် ၅,၀၀၀ ကို ဆင့်ခေါ်စာတွေပေးပို့တာ၊ သက်ဆိုင်ရာ ရပ်ကျေး၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့တွေကနေ နိုင်ငံတဝန်းမှာ မဲနှိုက်ပြီးရွေးချယ်နေပါတယ်။

ဒါပေမဲ့ ဒီဥပဒေဟာ ပြည်ပရန်ကာကွယ်ဖို့အတွက် အဓိကဖြစ်တာကြောင့် အခုချိန်မှာ အကောင်အထည်ဖော်ဖို့ မသင့်သေးဘူးလို့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့  မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

“ကျနော်တို့ ဒီ Alliance မှာတော့ ချထားတာမရှိဘူး။ ကျနော်တို့ပါတီအနေနဲ့ စစ်မှုထမ်းဥပဒေအနေနဲ့ကတော့ ဒီကိစ္စကို ကျနော်တို့မပြောချင်ဘူး။ ဒါပေမဲ့ ဒီအချိန်ကာလမှာ အကောင်အထည်ဖော်ဖို့ မသင့်သေးဘူး။ ငြိမ်းချမ်းတဲ့ကာလ မဟုတ်ဘူး။ ပြည်ပရန် ကာကွယ်ဖို့အတွက် မရှိသေးဘူးဆိုတော့ ဒီကိစ္စမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စကတော့ လောလောလတ်လတ်အချိန်ကာလမှာ အကောင်အထည်ဖော်ဖို့မသင့်ဘူးလို့ပဲ ကျနော်တို့ ပါတီအနေနဲ့ကတော့ မှတ်ချက်ပြုထားတယ်ပေါ့နော်။ ဒီ Alliance မှာတော့ ဘာမှ ဆွေးနွေးထားတာ မရှိသေးဘူးပေါ့။”

ဒီဥပဒေအရဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတိုင်းနဲ့ အသက် ၁၈ ကနေ ၂၇ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေ စစ်မှုထမ်းရမှာပါ။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ ဒီလိုကာလမှာ စစ်မှူထမ်းဥပဒေကို ပြဋ္ဌာန်းတာက ရှုပ်ထွေးအောင် လုပ်သလိုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အဲဒီစစ်မှုထမ်းဥပဒေကလည်း အချိန်ကာလအားဖြင့် မှားတယ်လို့ ပြောလို့ရတယ်။ ဥပဒေကတော့ ယေဘုယျအားဖြင့်ကြည့်ရင် နိုင်ငံတိုင်းမှာလိုအပ်တဲ့ ဥပဒေပဲ။ သို့သော် ပြဋ္ဌာန်းတဲ့အချိန်မှားတယ်။ နံပါတ် ၁ ပြဋ္ဌာန်းတဲ့အချိန်က တိုင်ပင်မှားတာပေါ့ဗျာ။ ဥပဒေမကောင်းတာ မဟုတ်ဘူး။ တိုင်ပင်မှားတယ်။”

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွှန့်ကတော့ တိတိကျကျမပြောပေမဲ့ စစ်မှုထမ်းကိစ္စရပ်တွေအပါအဝင် စစ်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို လျော့ချဖို့ နိုင်ငံရေးနည်းနဲ့စကားပြောပြီး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

“စစ်နဲ့ပတ်သက်တဲ့ ဆိုးကျိုးဆိုတာက ဗုံးကြဲလိုက်လို့ သေကျေပျက်စီးတာလည်း ပါရင်ပါမယ်။ ခုနလိုမျိုး အတင်းအကျပ်စစ်သားလုပ်ခိုင်းလို့ နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ကိစ္စရပ်တွေလည်း ပါရင်ပါမယ်။ ဒါတွေက အကုန်လုံးအကျုံးဝင်တယ်။ ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ ဒီပြည်သူလူထုတွေကို ကာကွယ်ဖို့လိုအပ်တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ကလည်း ပြည်သူလူထုတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိအမြင်တွေကိုလည်း ဆက်လက်ပြီး အခွင့်ကြုံရင်ကြုံသလို အသိပေးဖို့၊ စည်းရုံးဖို့ လုပ်ဆောင်မယ် ဆိုတာလည်း ကျနော်တို့ထုတ်ပြန်ချက်ထဲမှာ အဲဒီအတိုင်းပဲ  ဆက်လုပ်မှာပဲ။”

အပစ်ရပ်စာချုပ် (NCA) မှာ လက်မှတ်ထိုးထားပေမဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တိုင်းပြည်ကို စစ်နွံအတွင်း ကျရောက်စေမှာဖြစ်လို့ ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

လက်နက်ကိုင်တွေနဲ့ ပြည်သူတွေအကြား အမြင်တွေအမျိုးမျိုးကွဲပြားနေပေမဲ့ စစ်မှုထမ်းဖို့ ရွေးချယ်ခံရသူတွေဟာ မတ် ၂၇ ရက်ကနေ ဧပြီ ၃ ရက်အတွင်း စစ်ဆေးရုံတွေမှာ ကျန်းမာရေးစစ်ဆေးပြီးတဲ့နောက် စစ်မှုထမ်းရတော့မှာဖြစ်ကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိအချိန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စစ်မှုထမ်းစာရင်းတွေ ကောက်နေတာပြီး မဲနှိုက်ရာမှာ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ မိသားစုဝင်တွေမပါလို့ အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013