DVB Logo
Home
မြန်မာသတင်း
ကျိုက်လတ်တွင် မှတ်ပုံတင် ၁ ခုကို ငွေကျပ် ၅၀,၀၀၀ အထိ ပေးလုပ်နေရ
DVB
·
March 20, 2024
ကျိုက်လတ်တွင် မှတ်ပုံတင် ၁ ခုကို ငွေကျပ် ၅၀,၀၀၀ အထိ ပေးလုပ်နေရ
Donate to DVB

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ပန်းခင်းစီမံချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင် အခမဲ့လုပ်ပေးမယ်လို့ ကြေညာထားပေမဲ့ အနည်းဆုံး ငွေကျပ် ၅၀,၀၀၀ အထိပေးမှရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်လတ်မြို့နယ်မှာ မတ်လပထမအပတ်က စတင်ပြီး စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေအထိ ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်တွေ လုပ်ပေးနေပေမဲ့ မှတ်ပုံတင်တခုကို အနည်း ငွေကျပ် ၅၀,၀၀၀ အထိ ပေးမှ မှတ်ပုံတင်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျိုက်လတ်ဒေသခံတဦးက “အသက် ၁၇ နှစ်ကနေ စတင်ပြီး မှတ်ပုံတင်မရှိသူတွေကို ပန်းခင်းစီမံချက်နဲ့ အခမဲ့ လုပ်ပေးမယ်လို့ ကြေညာတော့ သွားလုပ်တာ။ အုပ်ချုပ်ရေးရုံးတွေက ကြေညာလို့ သိလို့ သွားလုပ်တာ။ ကိုယ်လည်း ဒီလောက်တော့ ပေးရမယ် မထင်ဘူးပေါ့။ ၁၀,၀၀၀၊ ၁၅,၀၀၀ လောက်တော့ ပေးရမယ်လို့ထင်တာ။ ဟိုရောက်တော့ ၅၀,၀၀၀ ငွေတောင်းတယ်။ အချက်အလက်တွေ မစုံဘူးလို့လည်း ပြောတယ်။ ငွေတောင်းတဲ့သူက သပ်သပ်တယောက် ထားတာ” လို့ ပြောပါတယ်။

အဲဒီလို မှတ်ပုံတင် ဆင်းလုပ်ပေးတဲ့အဖွဲ့က တောင်းတဲ့ငွေအတိုင်း မပေးရင် သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ၊ မွေးစာရင်း၊ မိဘနှစ်ပါး မှတ်ပုံတင်၊ သွေးစစ်လက်မှတ်၊ ရပ်ကွက်နဲ့ ကျေးရွာ ထောက်ခံစာ၊ ရဲစခန်းနဲ့ ဆည်မြောင်းထောက်ခံစာ အချက်တွေတောင်းယူ ရစ်ပြီး မပြည့်စုံရင် လုပ်မပေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက “စစ်ကောင်စီလက်အောက်ခံ ဌာနတွေ အကုန်နီးပါး ပိုက်ဆံက‌တော့ ရက်ရက်ရောရောကို တောင်းတာ။ တောင်းတဲ့ပမာဏအတိုင်း မပေးနိုင်လို့ မှတ်ပုံတင် မလုပ်ရတဲ့သူတွေ မနည်းဘူးရှိတယ်။ မှတ်ပုံတင်မလုပ်လို့ရှိရင် အဖမ်းခံရနိုင်တယ်လို့ ခြောက်သေးတယ်။ အထက်ကတော့ ခေါင်းစဉ် ကောင်းပါတယ်၊ အောက်ခြေမှာတော့ စောက်တလွဲတွေချည်းပဲ” လို့ ပြောပါတယ်။

အဲဒီလို မှတ်ပုံတင်အသစ်လုပ်ရာမှာ တောင်းတဲ့အတိုင်း ငွေပေးနေရတဲ့အပြင် သက်ပြည့် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင် ပြန်လဲလှယ်ရာမှာလည်း အနည်းဆုံး ငွေ ၄၀,၀၀၀ အထိ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်လတ်မြို့နယ်မှာ စစ်တပ် အာဏာမသိမ်းခင်အချိန်က နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင် လုပ်တဲ့အခါ ငွေပေးရတာတွေရှိပေမဲ့ ထောင်ဂဏန်းအထိပဲ ပေးရပြီး အခုလို သောင်းချီပေးရတာမျိုး မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

Photo - MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013